Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, August 27, 2010

စိတ်ကူးနဲ့လက်တွေ့


(Voice ဂျာနယ်မှာပါတဲ့ အောင်ထွဋ်ရဲ့ သန်း၅၀ ကို အနိုင်ပေးပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး သုံးသပ်ချက် ဖြစ်ပါတယ်။ အရင်ကတော့ ဆောင်းပါးကို မူရင်းအတိုင်း တင်ပေးထားပြီး စာဖတ်သူများကပဲ သုံးသပ်မှတ်ချက် ရေးကြပါတယ်။ အခုတော့ သက်ဆိုင်ရာ ဂျာနယ်က ဆောင်းပါးတွေ တင်တာကို တားမြစ်ထားတဲ့အတွက် ကျွန်တော်တို့ကပဲ ဖတ်ညွှန်း လုပ်ပေးလိုက်ပါတယ်။)

အောင်ထွဋ်ရဲ့ သန်းငါးဆယ်ကို အနိုင်ပေးပါ ဆိုတဲ့ဆောင်းပါးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ထဲမှာပါတဲ့ အပိုဒ် ၆ နဲ့ အစချီထားပါတယ်။ သိပြီးဖြစ်တဲ့အတိုင်း ဒီစာပိုဒ်ဟာ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲသတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းကြား လိုက်သည်။ လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အောင်ထွဋ်က ဒီစာပိုဒ်ဟာ မထည့်လည်းရတဲ့ စာပိုဒ်ဖြစ်တယ်။ ဒီလိုစာပိုဒ် ပါလာတာဟာ အရေးကြီးတဲ့ အဓိပ္ပါယ် ကိုဆောင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာကြောင့် ဖြစ်နေရတဲ့ Status- quo ကနေထွက်ပေါက်ရဖို့ အတွက် ဒီစာပိုဒ်ကနေ တပ်မတော်ဘက်က ဘာကိုလိုချင်တာလဲဆိုတာ အဓိပ္ပါယ် ဖော်နိုင်ရေးဟာ အရေးကြီးတယ်လို့ သုံးသပ်ပြထားပါတယ်။ သူ့ဆောင်းပါးတစ်ခုလုံးရဲ့ Theme ဟာ ဒီအချက်ပေါ်မှာအခြေခံပြီးရေးထားတာဖြစ်ပါတယ်။

အောင်ထွဋ်က တပ်မတော်ဘက်က ဘာကိုလိုချင်လည်း ဆိုတဲ့အပေါ် အခုလိုရေးပါတယ်။ Guardian အဖြစ် ခံယူ ထားသူ တပ်မတော်၏ Rule of Game အတိုင်းလိုက်ပါကစားရန် သဘောတူ၊ မတူကိစ္စမှာ ကနဦး ဆုံးဖြတ်ရမည့် အချက် တစ်ချက်ဖြစ်ပေသည်။ ဒါကတော့ အခြေခံဥပဒေနဲ့ လမ်းပြမြေပုံကို လက်ခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဖြစ်နိုင်မယ်ဆိုတဲ့ သဘောကို သွယ်ဝိုက်ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ လူအတော်များများ သဘောပေါက် ထားတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အောင်ထွဋ်က ဒီအချက် တစ်ခုတည်းနဲ့ မလုံလောက်သေးဘူးလို့ မြင်ပါတယ်။ သူ့အဆိုအရ ရွေးကောက်ပွဲဝင်မယ် ဆိုရင်တောင် ရွေးကောက်ပွဲမှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင် ပွတ်တိုက်မှုတွေ ဖြစ်နိုင်ချေရှိသေးတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တပ်မတော် အနေနဲ့ သူမကို မဟာဗျူဟာ မိတ် ဖက်အနေနဲ့လက်ခံသွားအောင်လုပ်ရမယ်လို့ ကောက်ချက်ချထားပါတယ်။

ဒီကောက်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဆက်လုပ်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရင်က သူ့ဆောင်းပါးတွေမှာဖော်ပြထားခဲ့တဲ့ အချက်နှစ်ချက်ကို ပြန်ညွှန်းပါတယ်။ အဲဒါတွေကတော့ --

၁။ စနစ်ပြောင်း - အုပ်ချုပ်သူမပြောင်း ကိစ္စကို သဘောထားကြီးကြီးနဲ့ သဘောတူသင့်တယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၅၀% အောက်တွင်သာ ၀င်ပြိုင်ရမယ်။

အောင်ထွဋ်က ဧပြီလမှာ အဲဒီအယူအဆကို ရေးတုံးက သူပြောသလို ဒေါ်အောင်ဆန်းစုကြည် ဘက်က လိုက်လုပ် ရင်တောင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလွှတ် ကံသေကံမ မပြောနိုင်ဘူး။ ဒါပေမယ့် အခုတော့ ဆောင်းပါး အစမှာ ညွှန်းခဲ့တဲ့ အပိုဒ် ၆ ပါ အစိုးရ သဘောထားကြောင့် သူများစွာ ရင်ခုန်မိပါတယ်လို့ ပြောထားပါတယ်။ ဆောင်းပါးရဲ့ အဆုံးမှာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဖြစ်နိုင်ခြေ ငါးခုကို ချပြထားပါတယ်။ အဲဒီထဲက လေးခုကိုတော့ စာဖတ်သူတွေ ကိုယ်တိုင် အဖြေထုတ်ဖို့ကွက်လပ်ချန်ထားပြီး နောက်ဆုံးတစ်ခု အတွက်ပဲ သူ့အမြင်ကို ရေးထားပါတယ်။ ဒါပေမယ့် ကျန် တဲ့လေးခုကတော့ Status – quo ကို ပြန်သွားမယ့် နည်းလမ်းတွေသာ ဖြစ်တယ်လို့ရေးထားတော့ စာဖတ်သူတွေ ဘာ အဖြေဖြေ ထုတ်ထုတ် မထူးဘူးဆိုတဲ့ သဘောလို ဖြစ်နေပါတယ်။ သို့သော် သူပြောတဲ့ ဖြစ်နိုင်ချေ ငါးခုကို စဉ်းစားနိုင်အောင် ဖော်ပြလိုက်ပါတယ်

၁။ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြု။ ( သူ့သဘောထားမရေးပါ။ စာဖတ်သူများ သုံးသပ်ရန်လို့ ပြောပါ တယ်။ )

၂။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တယ်။ သို့သော် အမတ်လောင်းများ ဥပဒေနဲ့ ငြိနေလို့ အနည်းငယ်သာ ၀င်ပြိုင်နိုင်တယ်။ ( သူ့သဘောထား မရေးပါ။ စာဖတ်သူများ သုံးသပ်ရန်လို့ ပြောပါ တယ်။ )

၃။ ရွေးကောက်ပွဲ ၀င်ပြိုင်တယ်။ အကြောင်းကြောင်းကြောင့် အနည်းစုပဲ အနိုင်ရတယ်။ ( ဘယ်သူနိုင်တာလဲဆိုတာ မပြောထား။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ညွှန်းတယ်လို့ပဲ နားလည်မိတယ်။ ) ( သူ့သဘောထား မရေးပါ။ စာဖတ်သူများ သုံးသပ်ရန်လို့ ပြောပါ တယ်။ )

၎။ ရွေးကောက်ပွဲ ၀င်ပြိုင်တယ်။ အများစု အနိုင်ရတယ်။ ( ဘယ်သူနိုင်တာလဲဆိုတာ မပြောထား။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ညွှန်းတယ်လို့ပဲ နားလည်မိတယ်။ ) ( သူ့သဘောထားမရေးပါ။ စာဖတ်သူများ သုံးသပ် ရန်လို့ ပြောပါ တယ်။ )

၅။ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်းရဲ့ ထက်ဝက်အောက်မှာသာ ယှဉ်ပြိုင်တယ်။ ဒါတောင်မှ တိုင်းတွေမှာပဲ ပြိုင် သင့်တယ်။ တိုင်းရင်းသားတွေကို ဦးစားပေးတဲ့ အနေနဲ့ ပြည်နယ်တွေမှာ ၀င်မပြိုင်သင့်တဲ့ သဘောပြောပါတယ်။ ဒီနည်းလမ်းကတော့ အောင်ထွဋ် ဖြစ်စေချင်တဲ့ နည်းလမ်းဖြစ်ပြီး ရလဒ်အနေနဲ့ကတော့ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်ဖြစ်မယ်။ အင်အားကြီးတဲ့ အတိုက်အခံ ပါတီကို ရမယ်။ အပြန်အလှန် ထိန်းကျောင်းနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရပ်သွားမယ်။ စီးပွားရေး ပြဿနာတွေ ရှင်းနိုင်မယ် စသည်ဖြင့် ရလာမယ်။

ဆောင်းပါးရှင်က ဒီနည်းလမ်းသာလျှင် မြန်မာနိုင်ငံသား သန်းငါးဆယ်၊ အထူးသဖြင့် လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားများရဲ့ စီးပွားရေးကို ထောင်မတ်နိုင်ဖို့အတွက် ပိတ်ဆို့မှုများ ရပ်ဆိုင်းရေးဟာ အခုဖြစ်နေတဲ့ Status-quo ရပ် ဆိုင်းမှဖြစ်မယ်။ ဒီလိုရပ်ဆိုင်းဖို့ဆိုတာ သူတင်ပြတဲ့ နည်းလမ်းအတိုင်းသွားမှ ဖြစ်မယ်လို့ ကောက်ယူ တင်ပြထားတာ ဖြစ်ပါတယ်။ အဆုံးသတ်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး Status-quo ကို ရပ်ဆိုင်းနိုင်ခြင်းသည် မြန်မာနိုင်ငံသား မျိုးဆက် များစွာတို့အတွက် Generational Gain ဖြစ်ပါသည်။ နှစ်ဖက်ပြေလည်ခြင်းကို ရရှိသည့် အခိုက်အတန့်တွင် အဘယ်ကြောင့် ဤမျှ ကြည်နူးစရာကောင်းသော အခြေအနေကို အဘယ်ကြောင့် အရင်က မတွေးမိခဲ့ရ ပါသနည်းဟု စဉ်းစားမျက်ရည်ကျ ကြရပါလိမ့်မည်လို့ အောင်ထွဋ်က နိဂုံးချုပ်ထားပါတယ်။ ဒါဟာ သူ့အယူအဆအပေါ် အတော်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြောကြားလိုက်တဲ့ သဘောပါပဲ။

အောင်ထွဋ်ရဲ့ ဆောင်းပါးမှာ သဘောတူတာလည်း ရှိ၊ မတူတာလည်း တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံဥပဒေကို လက်ခံသင့်တယ်။ ဒါဆိုရင် တပ်မတော်ကလည်း သူမကို လွှတ်ပေးသင့်တယ် ဆိုတာကတော့ ကျွန်တော်တို့လည်း သဘောတူပါတယ်။ ဒါဟာ အကောင်းဆုံး ထွက်ပေါက်လို့လည်း မြင်ပါတယ်။

သို့သော် ဒုတိယ အဆင့်ဖြစ်တဲ့ စနစ်ပြောင်း - အုပ်ချုပ်သူ မပြောင်းဆိုတဲ့ အယူအဆကို ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က လက်ခံသင့်တယ်ဆိုတဲ့ အချက်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အခြေခံဥပဒေကို လက်ခံလိုက်ခြင်း ဟာ လိုချင်တဲ့ အတိုင်းအတာကို မရောက်ပေမယ့် အတိုင်းအတာ တစ်ခုအထိ အကောင်းဘက်ကို ရှေ့ရှု ပြောင်းလဲသွားနိုင် တယ်ဆိုတဲ့ အယူအဆကြောင့်သာ ဖြစ်မှာပါ။ ဒါ့ကြောင့် အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကို ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်နိုင်ငံရေးသမား၊ ဘယ်နိုင်ငံရေး ပါတီမဆို လုပ်နိုင်၊ ကိုင်နိုင်တဲ့ အမတ်နေရာရအောင် ကြိုးစားကြမှာပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးစားကြသူတွေထဲက ဘယ်သူကိုတော့ ယုံကြည်ပြီး ပုံအပ်သင့်တယ် ဆိုတာကတော့ မဲဆန္ဒရှင်တွေကပဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကို စနစ်ပြောင်း- အုပ်ချုပ်သူပြောင်း ဆိုတာကို လက်ခံဖို့ ပြောတာဟာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခုက မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၅၀ % အောက်ပဲ ၀င်ပြိုင်ဖို့ကိစ္စ။ အောင်ထွဋ်က အကျယ်ချဲ့ မရေးပေမယ့် ထက်ဝက်အောက်ပဲ ၀င်ပြိုင်တဲ့အတွက် လွှတ်တော်မှာ အများစုနေရာ မရနိုင်ဘူး။ ဒါဆိုရင် အစိုးရအနေနဲ့ အတိုက်အခံများ ဘက်က အများစုရသွားမှာကို မစိုးရိမ်တော့ဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲ အကြိုကာလနဲ့ ရွေးကောက်ပွဲ ကာလမှာ သူ့ စကားအတိုင်း ပြောရရင် ပွတ်တိုက်မှုတွေ မဖြစ်နိုင်တော့ဘူးလို့ ကောက်ယူပုံ ရပါတယ်။

ဒါဟာ သီအိုရီကတော့ အလွန်ကောင်းပါရဲ့။ ဒါပေမယ့် လူ့သဘောသဘာဝအရ ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့ လေ့လာမိသလောက် ၁၉၉၁ ခုနှစ်မှာ စင်္ကာပူ အတိုက်အခံ ပါတီတွေဖြစ်တဲ့ အလုပ်သမားပါတီနဲ့ ဒီမိုကရက်တစ် ပါတီတို့ က နည်းဗျူဟာအသစ် တစ်ခုချပါတယ်။ စင်္ကာပူမှာ အာဏာရ PAP ပါတီက အတိုက်အခံတွေ အပေါ်ထားတဲ့ သံသယတွေ လျော့သွားအောင်ရယ်။ လူတွေက အတိုက်အခံပါတီတွေကို မဲပေးတဲ့နေရာမှာ ပိုပြီးယုံကြည်လာအောင်ရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတိုက်အခံတွေဟာ အမတ်နေရာ ၈၄ နေရာအနက် ၄၀ နေရာမှာပဲ ၀င်ပြိုင်မယ်လို့ ကြေညာခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစိုးရကလည်း အတိုက်အခံတွေဟာ အာဏာရဖို့လုပ်နေတာ၊ အစိုးရဖွဲ့နိုင်အောင် လုပ်နေတာ မဟုတ်ဘူးလို့ မြင်မယ်။ လူတွေကလည်း အတိုက်အခံကို မဲပေးတဲ့အတွက် အာဏာရပါတီ ပြုတ်ကျသွားမှာ မပူရဘူး။ အားကောင်းတဲ့ အတိုက်အခံ ရှိလာတဲ့အတွက် ပိုကောင်းမယ်လို့ ယုံကြည်လာမယ်ဆိုပြီး ယူဆခဲ့တယ်။ ဒါပေမယ် ဒီနည်းဗျူဟာက မအောင်မြင်ပါဘူး။ မအောင်မြင်ရတဲ့ ပထမ တစ်ချက်ကတော့ PAP ပါတီရဲ့ လွှမ်းမိုးမှုက အရမ်းကြီးမား နေလို့ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လူ့သဘော သဘာဝကြောင့် ဖြစ်ပါတယ်။ လူဆိုတာက ရှုံးကာမှ ရှုံးရော။ အမတ်လောင်း အဖြစ်တော့ ၀င်နွဲလိုက်ချင် သေးတာကိုး။ ဒီတော့ အတိုက်အခံတွေ ကြားထဲမှာတင် ဘယ်သူက ပြိုင်မယ်။ ဘယ်သူက မပြိုင်နဲ့လို့ ရွေးချယ်တဲ့ နေရာမှာတင် ကွဲကြ၊ ပြဲကြဖြစ်ကုန်တာနဲ့ အတိုက်အခံတွေမှာ ပိုပြီး အားနည်း သွားပါတယ်။ ၀င်ပြိုင်ခွင့် မရတဲ့ အတိုက်အခံ အမတ်လောင်း တစ်ချို့ကလည်း ဟင် မပြိုင်ရမှတော့ နင့်ပါတီဝင်နေလို့ ဘာထူးမှာလည်း ။ အစိုးရဘက် သွားတော့မှာပေါ့ဆိုပြီး ဘက်ပြောင်းသွားတာလည်းရှိရဲ့။

ဒီတော့ အနာဂတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်လွှတ်တောာ်နှစ်ရပ်နဲ့ ပြည်နယ်၊တိုင်းလွှတ်တော် တွေအတွက် အမတ်နေရာ ရှစ်ရာ၊ကိုးရာလောက်ပေါ်လာမယ်ထင်ပါတယ်။ ဒီအခါ ဘယ်သူက ပြိုင်၊ ဘယ်သူက မပြိုင်နဲ့လို့ ပြောနိုင်ဖို့အတွက် အတော်ခက်မယ်လို့ ထင်ပါတယ်။ နောက်ပြီး မဲဆန္ဒနယ်တစ်ခုမှာ လူတွေက ဒီအမတ်လောင်းကို သိပ်ကြိုက်နေတယ်။ ဒါပေမယ့် ပါတီရဲ့မူအရ သူ့နယ်မြေက ၀င်ပြိုင်မယ့်အထဲမှာ မပါဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အောင်ထွဋ် ဆောင်းပါးမှာ ဒီစနစ်ကို ကျင့်သုံးလို့ အောင်မြင်သွားတဲ့ နိုင်ငံရှိမရှိ ရေးမထားလို့ မသိနိုင်ပါ။ လေ့လာမိတဲ့ စင်္ကာပူမှာ တော့အလုပ်မဖြစ်တာကိုတွေ့ပါတယ်။ အောင်မြင်တဲ့နိုင်ငံအကြောင်း အောင်ထွဋ်က စေ့စေ့ငငလေး ရေးပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ အခုဖတ်ရသလောက်နဲ့ ပြောရရင်တော့ ဒါဟာ စိတ်ကူးယဉ်လွန်းရာ ကျတယ်လို့ ဆိုရင်မှားမယ် မထင်ပါ။

နောက်တစ်ခါ အောင်ထွဋ် ပြောမထားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံ ဥပဒေကို လက်မခံဘူး။ ၀င်လည်းမပြိုင်ဘူး။ သူ့အယူအဆကိုလည်း ထုတ်ပြောမယ်။ သို့သော် ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်အောင် မလုပ်ဘူး။ ပါချင်တဲ့လူတွေ ၀င်ပြိုင်၊ လူထုက ဆုံးဖြတ်ပါ။ အစိုးရ ဘက်ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေဟာ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ဖို့နဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာခွင့်ပေးပါလို့ တောင်းဆိုတာ မျိုးရော ဖြစ်မလာနိုင်ဘူးလား။ အဲဒါက အောင်ထွဋ်ပြောတဲ့ ဒုတိယအဆင့်များထက် ပိုပြီးများ လက်တွေ့ကျလေမလား။

ပြန်ချုပ်လိုက်ရင်တော့ အောင်ထွဋ်ရဲ့ ပထမ ယူဆချက်ဖြစ်တဲ့ အစိုးရကြေညာချက် အပိုဒ် ၆ မှာပါတဲ့ ကမ်းလှမ်းချက်ဟာ အခွင့်အရေး တစ်ခုဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က အခြေခံဥပဒေကို လက်ခံသင့်တယ် ဆိုတဲ့ အယူအဆ ကတော့ အငြင်းပွားစရာမရှိပါ။ သို့သော် နောက်တစ်ဆင့် ကတော့ လုပ်နိုင်ရင် ကောင်းပါရဲ့။ သို့သော် လက်တွေ့ ဘ၀နဲ့ နည်းနည်းကင်းကွာ နေတယ်၊ ဖြစ်နိုင်ချေ နည်းလွန်းတယ်လို့သာ ထင်မိကြောင်းပါ။
http://padaukmyay.blogspot.com/2009_08_01_archive.html

0 comments:

Post a Comment