Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, August 31, 2010

အီလစ်ဖြစ်ထွန်းပုံနှင့် နိုင်ငံရေးတည်ငြိမ်မှု အဆက်အစပ်

- မောင်စူးစမ်း

mgsusan.jpg

လူလတ်တန်းစားမှ
ဒီမိုကရေစီအကြောင်းပြောကြလျှင် လူလတ်တန်းစားအကြောင်းကို အခြေခံ ပြောဆိုလေ့ရှိသည်။ ယခု လူလတ်တန်းစားအကြောင်း ပြောရုံနှင့် မလုံလောက်၊ လူလတ်တန်းစားထဲမှ ပေါ်ပေါက်လာသော အထက်လွှာ လူ့မလိုင်ခဲများအကြောင်းကို သီးသန့်ရွေးထုတ် ပြောဆိုရန် လိုလာသည်။ ဤအထက်လွှာကို Elites အီလစ်ဟုခေါ်ဆိုသည်။ လူတော်လူကောင်းသည် ဤအထက်လွှာမှ ပေါ်သည်ဟု ယုံကြည်သူတို့ကို အီလစ်ဝါဒီသမားများဟု ခေါ်သည်။

လက်ဝဲသမားတို့က အလုပ်သမားလူတန်းစားကို တော်လှန်ပြောင်းလဲမှု၏ မောင်းနှင်ရေးအားဟု မြင်ပြီး ခေတ်သစ်တွေးခေါ်ရှင်တို့က အီလစ်တို့က ဒီမိုကရေစီကို တည်ငြိမ်အောင် ထိန်းသိမ်းသည်ဟု အကဲဖြတ်သည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အလားအလာကို ခန့်မှန်းလျှင် ထိုနိုင်ငံရှိ အီလစ်အခြေအနေကို စုံစမ်းသည်။ အီလစ်၌ စီးပွားရေးအီလစ်၊ စစ်ဘက်အီလစ်တို့နှင့် နိုင်ငံရေးအီလစ်တို့ဟူ၍ ရှိလေရာ မြန်မာ့ဒီမိုကရေစီ၌ မည်သည့်အီလစ်က စိုးမိုးသနည်းဟု သုံးသပ်စရာပေါ်သည်။

ရင့်ကျက်မှု
မြန်မာ့လူ့အဖွဲ့အစည်း၌ အီလစ်သုံးမျိုးစလုံးပေါ်သည်။ အရပ်ဘက်နိုင်ငံရေးအီလစ်သည် တစ်ချိန်က တန်ခိုးကြီးခဲ့သော်လည်း နောက်ပိုင်း ပြန်မှိန်သွားသည်။ နိုင်ငံရေးအီလစ် အမျိုခံလိုက်ရသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးအီလစ်နေရာတွင် စစ်ဘက်အီလစ်ပေါ်လာသည်။ စီးပွားရေးအီလစ်မှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့သည်။ စီးပွားရေးအီလစ်သည် တည်တည်ငြိမ်ငြိမ် တောက်လျှောက်ပေါ်ခဲ့သည်ဟူ၍ မရှိခဲ့ပေ။ ဆိုရှယ်လစ်စနစ်က စီးပွားရေးအီလစ်တို့ကို မျိုခဲ့သည်။ စစ်ဘက်အာဏာရှင်စနစ်က စီးပွားရေးအီလစ်တစ်မျိုးကို မွေးထုတ်သည်။

ထို့ကြောင့် အီလစ်ဖြစ်ပေါ်ပုံ ဖြစ်စဉ်သည် အစဉ်မပြတ်ဟူ၍ မရှိခဲ့သဖြင့် မြန်မာ့နိုင်ငံရေးအနာဂတ် (၀ါ) ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲလွန်ကာလကို မည်မျှသြဇာလွှမ်းနိုင်မည်ဟု မေးစရာပေါ်သည်။ အခြေခံမူအရ ဒီမိုကရေစီတွင် အီလစ်တို့၏ ကဏ္ဍက အရေးကြီးသည်။ အီလစ်တို့ ရင့်ကျက်မှုက နိုင်ငံရေးရင့်ကျက်မှုကို ဖန်တီးသည်။ အနာဂတ်နိုင်ငံရေးသည် စစ်ဘက်မှ ပါဝင်မည်ဟုဆိုသည်မှာ စစ်ဘက်အီလစ်နှင့် အရပ်ဘက်အီလစ်တို့ ပူးပေါင်းဆောင်ရွက်မည်ဟု နိမိတ်ပြရာဖြစ်မည်။

အီလစ်သည် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသည်ဟု သီအိုရီအရ ဆိုသည်။ မြန်မာ့နိုင်ငံရေးတွင် အီလစ်ဆိုသော အမှတ်အသားသည် ထင်ထင်ရှားရှား ပေါ်နေပြီလောဟု ဆန်းစစ်စရာရှိသည်။ အကယ်၍ ပေါ်နေပြီဟုဆိုလျှင်လည်း အီလစ်နှစ်မျိုးစလုံး၏ ရင့်ကျက်မှုကို စစ်ဆေးကြည့်ရန် လိုလိမ့်မည်။

ဖရီးမားကတ်
မြန်မာ့နိုင်ငံရေးသည် ခွင်သစ်၊ ပါရာဒိုင်းအသစ် ဖြစ်သည်။ ဤခွင်သစ်နိုင်ငံရေးတွင် သမားရိုးကျ လေ့လာနည်းအရ လူထု၏ ပါဝင်ပတ်သက်မှုနှင့် အစိုးရစနစ်သစ်တို့ကို နှိုင်းယှဉ်ချိန်ထိုးကြည့်သည်။ ယခုမော်ဒန်နည်းအရ လူလတ်တန်းစားကို အခြေခံကြည့်ပေးနည်း သည်ပင်လျှင် ခေတ်မမီသလို ဖြစ်လာသည်။ အီလစ်ကို အခြေခံကြည့်သောနည်းကို အဓိကအသုံးပြုလာသည်။ ဤသဘောဖြင့် မြန်မာ့နိုင်ငံရေးကို မည်သို့ ချဉ်းကပ်ကြည့်မည်နည်း။ ဤကိစ္စနှင့်ပတ်သက်၍ အီလစ်အလွှာ တည်တည်ငြိမ်ငြိမ် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။ အကြောင်းမူ မြန်မာ့နိုင်ငံရေးစနစ်သည် အစဉ်အတိုင်း ဖြစ်ခဲ့သည်မဟုတ်။ အကျပ်အတည်းနှင့် ရှော့ခ်တို့ဖြင့် ပြည့်နှက်နေခဲ့သောကြောင့် ဖြစ်သည်။ Non-Linear ဟု ဆိုရမည်။

ဤသို့ နိုင်ငံရေး၊ စီးပွားရေးဖြစ်ထွန်းမှုက အစဉ်အတိုင်း ဖြစ်သည်မဟုတ်၍ အီလစ်ပေါ်ပေါက်ပုံ ဖြစ်စဉ်သည်လည်း အတက်အကျနှင့် ရှုပ်ထွေးနေခဲ့သည်။ သဘောမှာ စီးပွားရေး၊ နိုင်ငံရေးအီလစ်ဖြစ်စဉ်သည် မတည်ငြိမ်ဟု ဆိုရမည်။ ယခုမှစတင်၍ တည်ငြိမ်လာသည့် လက္ခဏာအချို့ တွေ့ရသည်။ အကြောင်းမူ လွတ်လပ်သောဈေးကွက် (ဖရီးမားကတ်) သည် စီးပွားရေးလွတ်လပ်မှုကို ဦးစားပေးခြင်းကြောင့် စီးပွားရေးအီလစ် ပေါ်ပေးရသည်။

မျဉ်းဖြောင့်မဟုတ်
ဤနေရာ၌ ကောက်ချက်ကို ခုန်ပေါက်မဆွဲဖို့ အရေးကြီးသည်။ ဤကောက်ချက်မှာ စီးပွားရေးအီလစ် ဖြစ်ပေါ်ပုံဖြစ်စဉ်နှင့် နိုင်ငံရေးအီလစ် ဖြစ်ပေါ်ပုံဖြစ်စဉ်တို့သည် မျဉ်းတစ်ပြေးတည်း ရှိသည်ဟူ၍ ဖြစ်သည်။ ပကတိယုတ္တိ၌ စီးပွားရေးအီလစ်နှင့် နိုင်ငံရေးအီလစ်တို့ကြား ဖြစ်ပေါ်ပုံချင်း ခြားနားသည်။ နိုင်ငံရေးအီလစ်သည်လည်းကောင်း၊ စီးပွားရေးအီလစ်သည်လည်းကောင်း စစ်ဘက်အီလစ်ကို မှီငြမ်း၍ ဖြစ်ပေါ်သည်ကို တွေ့ရမည်။

မြန်မာနိုင်ငံ၌ စစ်ဘက်အီလစ်၊ စီးပွားရေးအီလစ်နှင့် နိုင်ငံရေးအီလစ်တို့ ဖြစ်ပေါ်ပုံသည် မျဉ်းကြောင်းတစ်ကြောင်းတည်းပေါ် လှုပ်ရှားသည်မဟုတ်၍ အီလစ်တို့က နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းညှိသည်ဆိုသော အယူအဆမှာ ခြွင်းချက်မရှိဟု မဆိုနိုင်ပေ။ ဤအချက်ကို အထောက်အထားပြုသည့် သက်သေခံချက်မှာ မြန်မာ့နိုင်ငံရေး၌ အီလစ်ဖြစ်ပုံသည် အတက်အကျများပြီး နုနယ်နေသောအကြောင်း ဖြစ်သည်။ နိုင်ငံရေးစနစ်သစ် (၀ါ) ပါရာဒိုင်းအသစ်တွင် အီလစ်ဖွဲ့စည်းပုံသည် သက်တမ်းမရင့်သေးဟု သုံးသပ်နိုင်သည်။ ဤသို့ သုံးသပ်လျှင် စိန်ခေါ်မှုတို့မှာ သီအိုရီအတိုင်း မဟုတ်ဘဲ တစ်မူထူးခြားလိမ့်မည်ဟု ခန့်မှန်းရသည်။
မောင်စူးစမ်း (၁၃-၈-၂၀၁၀)
အညွှန်း - Harvard Series

0 comments:

Post a Comment