Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, September 1, 2010

ပါရာဒိုင်းအသစ် - အောင်ထွဋ်



မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ရပ်ကို တိတိပပ ဖြတ်သန်းနေချိန် ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ဖြတ်သန်းနေချိန်ဖြစ်၍ အခြေအနေအရပ်ရပ်ကို စပ်ကူးမတ်ကူး ပုံသဏ္ဌာန်ဖြင့် မြင်တွေ့ရသည်မှာ မဆန်းချေ။ ယခုကဲ့သို့သော အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အခရာအကျဆုံး အပြောင်းအလဲမှာ Depoliticization ခေါ် အရာရာကို ခွင့်မပြုနိုင်သော နိုင်ငံရေးအဖြစ် ကောက်ယူမှု လျော့ပါးလာသည့် အခြေအနေဖြစ်သည်။ ဤကိစ္စသည် ပညာရှင်များက သတ်မှတ်ကြသည့် အသွင်ကူးပြောင်းရေး ဆိုသောဖြစ်စဉ်တွင် လိုအပ်ချက်ဖြစ်သည့် မှတ်တိုင် (Milestone)တစ်ခုလည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ယခင်က ဖြစ်ထွန်းခွင့်မရှိသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးစကားများ၊ နိုင်ငံရေးသုံးသပ်ချက်များသည် ယခုအခါ တဖြည်းဖြည်း ဖြစ်ပေါ်လာနေသည်ကို တွေ့မြင်နေရပါသည်။ ဤမှတ်တိုင်များသည် Depoliticization မဖြစ်ဘဲ ပေါ်ထွန်းရန် အကြောင်းမရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် ၎င်း၏ အဆင့်တစ်ခုဖြစ်သော Depoliticization ဖြစ်စဉ်များ ပေါ်ပေါက်နေသည် ဆိုသောအချက်မှာ သေချာသည်ဟု ပြောနိုင်ပါသည်။

ဤနေရာတွင် ဆွေးနွေးရန်ရှိလာသည်မှာ Depoliticization ၏ အတိုင်းအဆဖြစ်သည်။ ယနေ့ ကြုံတွေ့နေရသည့် အခြေအနေအပေါ် သုံးသပ်ချက်အမျိုးမျိုးသည် Depoliticization ၏ အတိုင်းအဆအပေါ် နည်းသည်၊ များသည် စသော သုံးသပ်ချက်များ ဖြစ်ပေသည်။ များသောအားဖြင့် အဆိုပါ Depoliticization ကို ရရှိခံစားလိုသည့်ဘက်မှ (တစ်နည်းအားဖြင့်) Demand Side မှ သုံးသပ်ချက်များ ဖြစ်ပေသည်။

Supply Side ရှုထောင့်မှကြည့်လျှင် ယနေ့ဖြစ်ပေါ်နေသမျှ အခြေအနေအရပ်ရပ်သည် ယခင် Standard Operation Procedure အရ ခွင့်မပြုနိုင်သည့် ကိစ္စရပ်ဖြစ်ရာ ယခင် Mindset ဖြင့် ကြည့်လျှင် မည်သို့မျှ ခံစား၍ ရနိုင်ဖွယ်မရှိပါ။ Demand Side ပေတံဖြင့် နည်းသည်ဆိုသောကိစ္စသည် Supply Side ပေတံဖြင့် များသည်ဟု ယူဆဖွယ်ရှိရာ ကန့်သတ်ရန်ကြိုးစားသော အုပ်ချုပ်ရေးယန္တရား အစိတ်အပိုင်းများကိုလည်း တွေ့ရနိုင်ပေသည်။ ဤသည်မှာပင် အသွင်ကူးပြောင်းရေး၏ စရိုက်လက္ခဏာ ဖြစ်ပေတော့သည်။ အဓိကကျသော အချက်မှာ စိတ်ရှည်သည်းခံရေးပင် ဖြစ်ပေသည်။

စိတ်ရှည်သည်းခံရေးဆိုရာတွင် Demand Side ကသာလျှင် စိတ်ရှည်သည်းခံရသည်မဟုတ်ဘဲ Supply Side ကလည်း စိတ်ရှည်သည်းခံ ကြရသည်ပင် ဖြစ်ပေသည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင် လုပ်ကြမည့်သူများသည် ဤအခြေအနေအပေါ်တွင် စိတ်ရှည်သည်းခံရန် အရေးကြီးပေသည်။

များစွာသေချာသည့်အချက်မှာ မြန်မာနိုင်ငံသည် နိုင်ငံရေးပါရာဒိုင်း အပြောင်းအလဲတစ်ခုနှင့် ကြုံကြိုက်နေရပြီဆိုသော အချက်ဖြစ်ပြီး ထိုပါရာဒိုင်းအသစ်ကို များစွာသောပြည်သူတို့ ရိပ်စားသိရှိခြင်း မရှိသေးဆိုသော အချက်ဖြစ်သည်။ ပါရာဒိုင်းအသစ်ဟု ရိပ်စားသိရှိသူ အများစုကလည်း ထိုပါရာဒိုင်းအသစ်၏ ပုံသဏ္ဌာန်ကို ခန့်မှန်းသိရှိနိုင်ခြင်း မရှိကြသေးသည့် အချက်ကို မြင်တွေ့နေရသည်။

အခြေခံဥပဒေသစ်သည် အချုပ်အခြာအာဏာများ အတွင်းသို့ အရပ်ဘက်နိုင်ငံရေး အင်အားစုများ ၀င်ရောက်ခွင့်ကို ဖွင့်လှစ်ပေးလိုက်ရာ အောက်ထစ်ဆုံး ဥပဒေပြုအာဏာထဲတွင် နိုင်ငံရေးအင်အားစုများ ရောက်ရှိသွားသည်ကို ၂၀၁၁ နှစ်ဆန်းချိန်၌ အသေအချာ မြင်တွေ့ရတော့မည် ဖြစ်သည်။ ဤသည်မှာ ပါရာဒိုင်းအသစ် ဖြစ်သည်။ ဂူထဲတွင် ခြင်္သေ့တစ်ကောင်ထက်ပို၍ အောင်းနိုင်သည်ဆိုသော သဘောကို မူအားဖြင့် သဘောတူထားသည်ကို အသေအချာ မြင်တွေ့နေရပြီ ဖြစ်သည်။

နိုင်ငံရေးသမားဆိုသည်မှာ လွှတ်တော်အစည်းအဝေး စတင်ချိန်တွင် ရုပ်သံ၌ သတင်းဖော်ပြခံရသော၊ လုံခြုံရေးများက တံခါးဖွင့်ပေးခြင်းကို ခံရသော၊ ဂုဏ်သရေရှိသော၊ အများအားကျသော လွှတ်တော် ကိုယ်စားလှယ်ကြီးများအဖြစ် မျက်ဝါးထင်ထင် မြင်တွေ့နေရချိန်တွင် ပါရာဒိုင်း ပြောင်းလဲသွားပြီဖြစ်ကြောင်း Supply Side ကော Demand Side ပါ နှစ်ဖက်စလုံးမှ လူအများ လက်ခံရသည့် ပါရာဒိုင်းအသစ် တစ်ရပ်အဖြစ် ပေါ်ပေါက်လာပေလိမ့်မည်။ ထိုနေ့သည် နောင်ဖြစ်ပေါ်မည့် Libralization နှင့် အရှိန်အဟုန်နှင့် စတင်တော့မည့် Depoliticization တို့၏ အစဖြစ်ပါလိမ့်မည်။

[The VOICE Weekly, အတွဲ-၆၊ အမှတ်-၃၇၊ သြဂုတ် ၁၆-၂၂၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၈]

Read More...

Tuesday, August 31, 2010

ဝါဒနဲ့ လုပ်ငန်းစဉ် (သရော်စာ) - မောင်ဝံသ

မြေရှင်ပဒေသရာဇ်စနစ် Feudalism
ခင်ဗျားမှာ နွား (၂) ကောင်ရှိရင် မြေပိုင်ရှင်သောက်ဖို့ နွားနို့ ခင်ဗျားက ဆက်သရတယ်။

ဆိုရှယ်လစ်စစ်စစ်စနစ် Pure Socialism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတာကို အစိုးရက သိမ်းမယ်။ တင်းကုပ်ကြီးတစ်ခုထဲ တခြားနွားတွေနဲ့အတူ ထည့်ထားမယ်။ အဲဒီ နွားတွေအားလုံးကို ခင်ဗျားပါ ကျွေးမွေးစောင့်ရှောက်ရမယ်။ ပြီးတော့ ခင်ဗျားလိုအပ်သလောက် နွားနို့ အစိုးရက ပေးမယ်။

ဗျူရိုကရက်တစ် ဆိုရှယ်လစ်စနစ် Bureaucratic Socialism
ခင်ဗျားရဲ့ နွားတွေကို ကြက်မွေးမြူရေးသမားတွေက စောင့်ရှောက်မယ်။ ကြက်မွေးမြူရေးသမားတွေဆီက အစိုးရက သိမ်းထားတဲ့ ကြက်တွေကို ခင်ဗျားက စောင့်ရှောက်ရမယ်။ အစိုးရက ခင်ဗျားကို စည်းမျဉ်းစည်းကမ်းအရ ခင်ဗျားအတွက် နို့ခွဲတမ်းနဲ့ ကြက်ဥခွဲတမ်း ပေးမယ်။

ဖက်ဆစ်စနစ် Fascism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်ဆိုပါစို့။ အစိုးရက နှစ်ကောင်စလုံးကို သိမ်းမယ်။ နွားတွေကို စောင့်ရှောက်ဖို့ ခင်ဗျားကို ငှားမယ်။ ရလာတဲ့ နွားနို့ ခင်ဗျားကို ရောင်းမယ်။

ကွန်မြူနစ်စစ်စစ်စနစ် Pure Communism
နွား (၂) ကောင်ကို ခင်ဗျားနဲ့ ခင်ဗျားအိမ်နီးချင်းတို့ ပူးတွဲတာဝန်ယူရမယ်။ ခင်ဗျားနဲ့ အိမ်နီးချင်းဟာ ဘယ်သူက လုပ်နိုင်စွမ်း အရှိဆုံး၊ ဘယ်သူက အလိုအပ်ဆုံးဆိုတာကို အလုပ်မရှိ အလုပ်ရှာ ငြင်းခုံနေကြမယ်။ နှစ်ဦးစလုံး အလုပ်မလုပ်ဘဲ တွက်ကပ်နေကြမယ်။ သည်လိုနဲ့ နွားနို့လည်း ထွက်မလာဘူး။ နွားတွေလည်း အစာငတ်ပြီး သေကုန်ရော။

ရုရှားကွန်မြူနစ်စနစ် Russian Communism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ ခင်ဗျားက နွားတွေကို ကျွေးမွေးစောင့်ရှောက်ရတယ်။ အစိုးရက နွားနို့တွေ အကုန်ယူတယ်။ ခင်ဗျားက ခိုးလို့ရသမျှ နွားနို့လေးတွေ ပြန်ခိုးထားပြီး မှောင်ခိုဈေးမှာ ပြန်ရောင်းစားတယ်။

ပယ်ရယ်စထရိုအီကာ ခေါ် ပုံစံသစ်စီးပွားရေးစနစ် Perestroika
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ ခင်ဗျားက နွားတွေကို တာဝန်ယူ ကျွေးမွေးစောင့်ရှောက်ရတယ်။ နွားနို့တွေ ထွက်လာတော့ မာဖီးယားက နို့အားလုံးကို ယူတယ်။ ခင်ဗျားက နို့တွေထဲက ခိုးနိုင်သလောက် ပြန်ခိုးပြီး "လွတ်လပ်" ဈေးကွက်မှာ ပြန်ရောင်းစားတယ်။

ကမ္ဘောဒီးယား ကွန်မြူနစ်စနစ် Cambodian Communism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ (၂) ကောင်စလုံးကို အစိုးရက သိမ်းပြီး ခင်ဗျားကို ပစ်သတ်လိုက်မယ်။

အာဏာရှင်စနစ် Dictatorship
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ အစိုးရက (၂) ကောင်စလုံးကိုယူပြီး ခင်ဗျားကို စစ်တပ်ထဲ သွင်းမယ်။

ဒီမိုကရေစီစစ်စစ်စနစ် Pure Democracy
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ နွားနို့ ဘယ်သူ ယူရမယ်ဆိုတာ ခင်ဗျားက မဆုံးဖြတ်နိုင်ဘူး။ ခင်ဗျား အိမ်နီးချင်းအများစုက ဆုံးဖြတ်တဲ့အတိုင်း လုပ်ရတယ်။

ကိုယ်စားပြု ဒီမိုကရေစီစနစ် Representative Democracy
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ ခင်ဗျားရဲ့ အိမ်နီးချင်းတွေက ကိုယ်စားလှယ်တစ်ယောက် ရွေးမယ်။ ပြီးတော့ ခင်ဗျားရဲ့ နွားနို့တွေကို ဘယ်သူ့ကို ပေးရမယ်ဆိုတာ ခင်ဗျားကို ကိုယ်စားလှယ်က စကားပြောမယ်။

အရင်းရှင်စနစ် Capitalism
ခင်ဗျားမှာ နွားတစ်ကောင်မှ မရှိဘူး။ ဘဏ်က ခင်ဗျားကို နွားဝယ်ဖို့ ငွေမချေးဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားမှာ အာမခံပစ္စည်းအဖြစ် တင်ပြဖို့ နွားတွေမရှိလို့။

Ref: Political Jokes, www.mustsharejokes.com
[ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၇၊ ၁၉ သြဂုတ် ၂၀၁၀၊ စာမျက်နှာ-၃]
http://www.myanmarthway.co.cc/

Read More...

အီလစ်ဖြစ်ထွန်းပုံနှင့် နိုင်ငံရေးတည်ငြိမ်မှု အဆက်အစပ်

- မောင်စူးစမ်း

mgsusan.jpg

လူလတ်တန်းစားမှ
ဒီမိုကရေစီအကြောင်းပြောကြလျှင် လူလတ်တန်းစားအကြောင်းကို အခြေခံ ပြောဆိုလေ့ရှိသည်။ ယခု လူလတ်တန်းစားအကြောင်း ပြောရုံနှင့် မလုံလောက်၊ လူလတ်တန်းစားထဲမှ ပေါ်ပေါက်လာသော အထက်လွှာ လူ့မလိုင်ခဲများအကြောင်းကို သီးသန့်ရွေးထုတ် ပြောဆိုရန် လိုလာသည်။ ဤအထက်လွှာကို Elites အီလစ်ဟုခေါ်ဆိုသည်။ လူတော်လူကောင်းသည် ဤအထက်လွှာမှ ပေါ်သည်ဟု ယုံကြည်သူတို့ကို အီလစ်ဝါဒီသမားများဟု ခေါ်သည်။

လက်ဝဲသမားတို့က အလုပ်သမားလူတန်းစားကို တော်လှန်ပြောင်းလဲမှု၏ မောင်းနှင်ရေးအားဟု မြင်ပြီး ခေတ်သစ်တွေးခေါ်ရှင်တို့က အီလစ်တို့က ဒီမိုကရေစီကို တည်ငြိမ်အောင် ထိန်းသိမ်းသည်ဟု အကဲဖြတ်သည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အလားအလာကို ခန့်မှန်းလျှင် ထိုနိုင်ငံရှိ အီလစ်အခြေအနေကို စုံစမ်းသည်။ အီလစ်၌ စီးပွားရေးအီလစ်၊ စစ်ဘက်အီလစ်တို့နှင့် နိုင်ငံရေးအီလစ်တို့ဟူ၍ ရှိလေရာ မြန်မာ့ဒီမိုကရေစီ၌ မည်သည့်အီလစ်က စိုးမိုးသနည်းဟု သုံးသပ်စရာပေါ်သည်။

ရင့်ကျက်မှု
မြန်မာ့လူ့အဖွဲ့အစည်း၌ အီလစ်သုံးမျိုးစလုံးပေါ်သည်။ အရပ်ဘက်နိုင်ငံရေးအီလစ်သည် တစ်ချိန်က တန်ခိုးကြီးခဲ့သော်လည်း နောက်ပိုင်း ပြန်မှိန်သွားသည်။ နိုင်ငံရေးအီလစ် အမျိုခံလိုက်ရသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးအီလစ်နေရာတွင် စစ်ဘက်အီလစ်ပေါ်လာသည်။ စီးပွားရေးအီလစ်မှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့သည်။ စီးပွားရေးအီလစ်သည် တည်တည်ငြိမ်ငြိမ် တောက်လျှောက်ပေါ်ခဲ့သည်ဟူ၍ မရှိခဲ့ပေ။ ဆိုရှယ်လစ်စနစ်က စီးပွားရေးအီလစ်တို့ကို မျိုခဲ့သည်။ စစ်ဘက်အာဏာရှင်စနစ်က စီးပွားရေးအီလစ်တစ်မျိုးကို မွေးထုတ်သည်။

ထို့ကြောင့် အီလစ်ဖြစ်ပေါ်ပုံ ဖြစ်စဉ်သည် အစဉ်မပြတ်ဟူ၍ မရှိခဲ့သဖြင့် မြန်မာ့နိုင်ငံရေးအနာဂတ် (၀ါ) ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲလွန်ကာလကို မည်မျှသြဇာလွှမ်းနိုင်မည်ဟု မေးစရာပေါ်သည်။ အခြေခံမူအရ ဒီမိုကရေစီတွင် အီလစ်တို့၏ ကဏ္ဍက အရေးကြီးသည်။ အီလစ်တို့ ရင့်ကျက်မှုက နိုင်ငံရေးရင့်ကျက်မှုကို ဖန်တီးသည်။ အနာဂတ်နိုင်ငံရေးသည် စစ်ဘက်မှ ပါဝင်မည်ဟုဆိုသည်မှာ စစ်ဘက်အီလစ်နှင့် အရပ်ဘက်အီလစ်တို့ ပူးပေါင်းဆောင်ရွက်မည်ဟု နိမိတ်ပြရာဖြစ်မည်။

အီလစ်သည် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသည်ဟု သီအိုရီအရ ဆိုသည်။ မြန်မာ့နိုင်ငံရေးတွင် အီလစ်ဆိုသော အမှတ်အသားသည် ထင်ထင်ရှားရှား ပေါ်နေပြီလောဟု ဆန်းစစ်စရာရှိသည်။ အကယ်၍ ပေါ်နေပြီဟုဆိုလျှင်လည်း အီလစ်နှစ်မျိုးစလုံး၏ ရင့်ကျက်မှုကို စစ်ဆေးကြည့်ရန် လိုလိမ့်မည်။

ဖရီးမားကတ်
မြန်မာ့နိုင်ငံရေးသည် ခွင်သစ်၊ ပါရာဒိုင်းအသစ် ဖြစ်သည်။ ဤခွင်သစ်နိုင်ငံရေးတွင် သမားရိုးကျ လေ့လာနည်းအရ လူထု၏ ပါဝင်ပတ်သက်မှုနှင့် အစိုးရစနစ်သစ်တို့ကို နှိုင်းယှဉ်ချိန်ထိုးကြည့်သည်။ ယခုမော်ဒန်နည်းအရ လူလတ်တန်းစားကို အခြေခံကြည့်ပေးနည်း သည်ပင်လျှင် ခေတ်မမီသလို ဖြစ်လာသည်။ အီလစ်ကို အခြေခံကြည့်သောနည်းကို အဓိကအသုံးပြုလာသည်။ ဤသဘောဖြင့် မြန်မာ့နိုင်ငံရေးကို မည်သို့ ချဉ်းကပ်ကြည့်မည်နည်း။ ဤကိစ္စနှင့်ပတ်သက်၍ အီလစ်အလွှာ တည်တည်ငြိမ်ငြိမ် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။ အကြောင်းမူ မြန်မာ့နိုင်ငံရေးစနစ်သည် အစဉ်အတိုင်း ဖြစ်ခဲ့သည်မဟုတ်။ အကျပ်အတည်းနှင့် ရှော့ခ်တို့ဖြင့် ပြည့်နှက်နေခဲ့သောကြောင့် ဖြစ်သည်။ Non-Linear ဟု ဆိုရမည်။

ဤသို့ နိုင်ငံရေး၊ စီးပွားရေးဖြစ်ထွန်းမှုက အစဉ်အတိုင်း ဖြစ်သည်မဟုတ်၍ အီလစ်ပေါ်ပေါက်ပုံ ဖြစ်စဉ်သည်လည်း အတက်အကျနှင့် ရှုပ်ထွေးနေခဲ့သည်။ သဘောမှာ စီးပွားရေး၊ နိုင်ငံရေးအီလစ်ဖြစ်စဉ်သည် မတည်ငြိမ်ဟု ဆိုရမည်။ ယခုမှစတင်၍ တည်ငြိမ်လာသည့် လက္ခဏာအချို့ တွေ့ရသည်။ အကြောင်းမူ လွတ်လပ်သောဈေးကွက် (ဖရီးမားကတ်) သည် စီးပွားရေးလွတ်လပ်မှုကို ဦးစားပေးခြင်းကြောင့် စီးပွားရေးအီလစ် ပေါ်ပေးရသည်။

မျဉ်းဖြောင့်မဟုတ်
ဤနေရာ၌ ကောက်ချက်ကို ခုန်ပေါက်မဆွဲဖို့ အရေးကြီးသည်။ ဤကောက်ချက်မှာ စီးပွားရေးအီလစ် ဖြစ်ပေါ်ပုံဖြစ်စဉ်နှင့် နိုင်ငံရေးအီလစ် ဖြစ်ပေါ်ပုံဖြစ်စဉ်တို့သည် မျဉ်းတစ်ပြေးတည်း ရှိသည်ဟူ၍ ဖြစ်သည်။ ပကတိယုတ္တိ၌ စီးပွားရေးအီလစ်နှင့် နိုင်ငံရေးအီလစ်တို့ကြား ဖြစ်ပေါ်ပုံချင်း ခြားနားသည်။ နိုင်ငံရေးအီလစ်သည်လည်းကောင်း၊ စီးပွားရေးအီလစ်သည်လည်းကောင်း စစ်ဘက်အီလစ်ကို မှီငြမ်း၍ ဖြစ်ပေါ်သည်ကို တွေ့ရမည်။

မြန်မာနိုင်ငံ၌ စစ်ဘက်အီလစ်၊ စီးပွားရေးအီလစ်နှင့် နိုင်ငံရေးအီလစ်တို့ ဖြစ်ပေါ်ပုံသည် မျဉ်းကြောင်းတစ်ကြောင်းတည်းပေါ် လှုပ်ရှားသည်မဟုတ်၍ အီလစ်တို့က နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းညှိသည်ဆိုသော အယူအဆမှာ ခြွင်းချက်မရှိဟု မဆိုနိုင်ပေ။ ဤအချက်ကို အထောက်အထားပြုသည့် သက်သေခံချက်မှာ မြန်မာ့နိုင်ငံရေး၌ အီလစ်ဖြစ်ပုံသည် အတက်အကျများပြီး နုနယ်နေသောအကြောင်း ဖြစ်သည်။ နိုင်ငံရေးစနစ်သစ် (၀ါ) ပါရာဒိုင်းအသစ်တွင် အီလစ်ဖွဲ့စည်းပုံသည် သက်တမ်းမရင့်သေးဟု သုံးသပ်နိုင်သည်။ ဤသို့ သုံးသပ်လျှင် စိန်ခေါ်မှုတို့မှာ သီအိုရီအတိုင်း မဟုတ်ဘဲ တစ်မူထူးခြားလိမ့်မည်ဟု ခန့်မှန်းရသည်။
မောင်စူးစမ်း (၁၃-၈-၂၀၁၀)
အညွှန်း - Harvard Series

Read More...

ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် နိုင်ငံရေးသူငယ်နာ



[မောင်စူးစမ်း]
လေးမျိုး
အချို့ပညာရှင်တို့က ဒီမိုကရေစီအကြောင်း ဆွေးနွေးလျှင် ကမ္ဘာ့ရေးရာအကြောင်းကို နောက်ခံထားချင်ကြသည်။ သူတို့နောက်ခံထားချင်သော ပုံကားချပ်ကလည်း လေးမျိုးရှိသည်။ (၁) စစ်အေးခေတ်၊ (၂) အင်အားကြီးနိုင်ငံတို့ချင်း အားပြိုင်မှု၊ (၃) အဏုမြူခေတ်၊ (၄) အာဏာရှင်စနစ် နှင့် နယ်ချဲ့စနစ်တို့ဆိုင်ရာ သီအိုရီနှင့် လက်တွေ့ တို့ဖြစ်ကြသည်။ ၎င်းတို့အား ခေတ်ပြိုင်ရောင်ပြန်ဟပ်မှုဟု သတ်မှတ်သည်။

ဆိုခဲ့ပါ ပုံကားချပ်ကြီးကို ဉာဏ်ဖြင့် ရှုမြင်ရာ၌ Foresight (ခေါ်) ကြိုတင်သိမြင်နိုင်စွမ်းဉာဏ်နှင့် ရှုမြင်ရန် ခက်ခဲသည်။ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ဆိုသည်မှာ မဖြစ်နိုင်သောအလုပ်ဟု ယူဆကြသည်။ ထို့ကြောင့် ကမ္ဘာပုံကားချပ်ကြီးတို့ကို ကြည့်ရှုရာ၌ ဖြစ်ရပ်ကြီးမှာ ဖြစ်ပြီးမှ သုံးသပ်သောဉာဏ် (Hindsight) ဖြင့် ရှုမြင်ကြရသည်။ ဒုတိယအမြင်အဖြစ် သုံးသပ်လျှင် ဒီမိုကရေစီသည် လက်တွေ့ပိုင်းနှင့် ပိုပြီး စပ်ဆိုင်သည်။

စမ်းသပ်နည်း
ပုံကားချပ်ကြီးကို အခြေခံသော အတွေးခေါ်ပညာရှင်တို့က ဒေသသန့်သန့် သမိုင်းဟူ၍ မရှိနိုင်ဟု ယူဆကြသည်။ သူတို့အဆိုအရ မည်သည့်ကိစ္စမဆို ကမ္ဘာ့စံချိန်စံညွှန်းတို့နှင့် တစ်စုံတစ်ရာ အဆက်အစပ်ရှိရမည်။ ဒေသသမိုင်းဟူ၍ သန့်သန့်မရှိနိုင်။ ဒေသပုံပြင်တို့က စနစ်ကို ပုံလောင်းသည်ထက် ကမ္ဘာ့အတိုင်းအတာရှိ စံတို့ကသာ ဒေသပုံပြင်ကို ပုံလောင်းသည်ဟု ယူဆသည်။ သို့ဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီလက္ခဏာတို့ ကမ္ဘာ့စံချိန်စံညွှန်းဖြင့် အကဲဖြတ်မှာလား သို့တည်းမဟုတ် ဒေသထူးခြားချက်ဖြင့် အကဲဖြတ်မှာလားဟူ၍ ဆွေးနွေးရန် ပြဿနာပေါ်သည်။

ဒေသထူးခြားချက်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုံးစုံအကျုံးဝင်သော နိုင်ငံရေးယဉ်ကျေးမှုနှင့် စနစ်၏ ခိုင်ခံ့မှုတို့ကို ရည်ညွှန်းသည်။ လူတိုင်းသိနေသော အချက်မှာ ကျင်းပတော့မည့် ရွေးကောက်ပွဲသည် နိုင်ငံရေးစနစ်သစ်ကိုလည်းကောင်း၊ နိုင်ငံသားတို့၏ အခွင့်အရေးကိုလည်းကောင်း ပေါ်ထွန်းစေမည်ဆိုသော အချက်ဖြစ်သည်။ အစားအစာတစ်ခု၏ အရသာကို စားကြည့်မှ သိရသကဲ့သို့ နိုင်ငံရေးစနစ်တစ်ခု၏ တည်တံ့ခိုင်မြဲမှုကို လက်တွေ့စမ်းသပ်ကြည့်မှသာ သိရှိနိုင်သည်။

သပိတ်မှောက်လှုံ့ဆော်
စင်စစ်အားဖြင့် ပကတိအခြေအနေကိုသာ ရှုမြင်ရန် မဟုတ်ဘဲ သက်ဆိုင်ရာ ပလေယာတို့၏ စေတနာတို့ကိုလည်း ထည့်တွက်ရန်လိုသည်။

ယခင် လက်ဝဲနိုင်ငံရေးစကားနှင့်ပြောလျှင် ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်သစ် ခိုင်မြဲရေးသည် ကမ္မပိုင်းနှင့် ကတ္တားပိုင်းပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ သက်ဆိုင်ရာ ပလေယာအားလုံးတို့သည် စေတနာကောင်းဖြင့် စနစ်သစ် ပေါ်ထွန်းခိုင်မာရေးကို ကူညီအားပေးသင့်သည်ဟု ဆိုခြင်းဖြစ်သည်။

ဤနေရာ၌ အချို့သောအုပ်စုက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် နှိုးဆော်လျက်ရှိသည်။ ၎င်းတို့သည် လေလုံးထွား၊ မီးရှူးမီးပန်းပစ်ပြီး နိုင်ငံရေးလုပ်သောခေတ်သည် နိဂုံးချုပ်သွားပြီဆိုသော အချက်ကို နားမလည်နိုင်သောသူများ ဖြစ်ပုံရသည်။ ယခုခေတ်သည် ပညာခေတ်ဖြစ်လေရာ ပြဿနာအရပ်ရပ်ကို လေးလေးနက်နက် ချင့်ချိန်စဉ်းစားသောခေတ် ဖြစ်နေသည်။ အရူးချေးပန်း သွေးထိုးလှုံ့ဆော်သောခေတ်သည် ကုန်ဆုံးပြီ။

သူငယ်နာ
လူတို့သည် အကျိုးအကြောင်း ဆင်ခြင်တတ်ကြသဖြင့် အခြားရွေးချယ်စရာနည်းလမ်း၊ အော်တာနေးတစ်ကို ဝေဖန်ဆင်ခြင်၍ မေးခွန်းထုတ်တတ် နေကြသည်။ ရွေးကောက်ပွဲ သပိတ်မှောက်လျှင် မိမိက ဘာကို အစားထိုး ပြနိုင်သနည်းဟု စဉ်းစားရမည်။ မိမိတင်ပြမည့် အော်တာနေးတစ်သည် လေလုံးထွား မီးရှူးမီးပန်းပစ်ခြင်း မဖြစ်ရပေ။ လက်တွေ့ဖြစ်နိုင်ခြေ ရှိရမည်။ အော်တာနေးတစ်မပြဘဲ ရွေးကောက်ပွဲ သပိတ်မှောက်ရန်ကိုသာ နှိုးဆော်ခြင်းသည် လူ့အန္ဓ ဆန်လွန်းလှသည်။ အဓိပ္ပါယ်ရှိသော ဖြစ်နိုင်ဖွယ်ရှိသော၊ လောက်လောက်လားလားရှိသော အော်တာနေးတစ်ကို ပြရမည်။ အော်တာနေးတစ်မဲ့ ရွေးကောက်ပွဲလှုံ့ဆော်မှုသည် ဦးနှောက်မဲ့သော လှုံ့ဆော်မှုသာ ဖြစ်သည်။ မနူးမနပ် ကလေးဆန်လွန်းသည်။ သူငယ်နာဆန်လွန်းသည်။ နိုင်ငံရေးစနစ်ပြောင်းမှု အစီအစဉ်တွင် လေကြီးမိုးကြီးနှင့် ကန့်ကွက်ရရင်ပြီးရောဆိုသော ပုံသဏ္ဌာန်မျိုးသည် ခေတ်မစားနိုင်ပြီ။

ထို့ကြောင့် ရွေးကောက်ပွဲသပိတ်မှောက်၍ လှုံ့ဆော်သူတို့အား ဖြစ်နိုင်ခြေရှိသော ဟုတ်တိပတ်တိရှိသော အော်တာနေးတစ်တို့ကို ပြပါဟု မေးခွန်းထုတ်လိုသည်။
အညွှန်း - The Meaning of The 21st Century

Read More...

အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန


အံ့ဘုန်းမြတ် (၂၈၊ ဇွန် ၂၀၁၀)

ကျွန်တော် ဆောင်းပါးနဲ့ အတွေးအမြင်တွေ မရေးဖြစ်တာတော်တော်ကြာနေပြီ၊ မရေးဖြစ်ဆို စာလည်း ပြန်မဖတ်နိုင်အောင်ကို အလုပ်တွေများနေတာကြောင့်ပါ။ ဒီကနေ့တော့ စာရေးဖို့စဉ်းစားတော့ ကျွန်တော်တို့ လူငယ်တွေ ချက်တင်တွေထဲမှာ အပြန်အလှန် အများဆုံးပြောဖြစ်ကြတဲ့ အကြောင်းအရာတွေထဲက တချို့ကို စာချရေးဖို့ စိတ်ကူးရလာပါတယ်။ ဒါကတော့ စာတွေကို ကျွန်တော်တို့ထက် အများကြီးပိုဖတ်ထားတဲ့ သူတွေအတွက် မရည်ရွယ်ပဲ စာကျွန်တော်တို့လောက် ဖတ်မထားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး တက်သလောက် မှတ်သလောက်နဲ့ “အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖို့စိတ်ကူးရလိုက်ပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံ ပတ်သက် နေကြရတဲ့ သိပ္ပံဆိုင်ရာနည်းပညာတွေ၊ သမိုင်းဆိုင်ရာဖြစ်စဉ်နဲ့ အဖြစ်အပျက်တွေ၊ ပညာရေးစနစ်နဲ့ ပညာရေး ဆိုင်ရာ သဘောတရားတွေ စတဲ့စတဲ့အကြောင်းအရာတွေက ကျွန်တော်တို့ လူအဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ပတ်သက်ဆက်နွယ်မှုတွေရှိနေလဲ အပြန်အလှန် အကျိုးပြုနိုင်အောင် ဘယ်လိုလုပ်ကြလဲ ဆိုတာတွေကို မိတ်ဆက်အနေနဲ့ ပြန်လည်စဉ်းစားနိုင်ကြအောင် ရေးသားသွားမှာဖြစ်ပါတယ်။

၁။ သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းပြောမယ်ဆိုရင် ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို စပြောရမှာဖြစ်ပါတယ်။ တချို့ဒဿနကျမ်းတွေမှာတော့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာ ရှင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး “သိပ္ပံပညာရှင်တွေဟာ သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရပ်တွေနဲ့ အကြောင်း အရာ၊ အချက်အလက်တွေကို အတွေ့အကြုံအာရုံတွေမှာ အခြေခံပြီး လက်တွေ့စမ်းသက် ပြုလုပ်ကြတယ်” လို့ ဆိုပါတယ်။ အဲ့ဒီလို လုပ်ဆောင်နိုင်မှ သိပ္ပံပညာလို့ ယူဆကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ ပညာရပ်အရ လုပ်ဆောင် ဖန်တီးမှုအသစ်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်လာရင် အရာရာကို အာရုံနဲ့တိုက်ရိုက်ထိတွေ့ သိမြင်နိုင်မှုမှာတော့ အားနည်းချက် ရှိကြတယ်လို့လည်း သိပ္ပံပညာရှင်တွေကို ဒဿနပညာရှင်အချို့က ဝေဖန်ကြတာမျိုး တွေလည်းရှိပါတယ်။

ဒီနေရာမှာကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ဖန်တီးမှုတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အကျိုးဆက် တွေ ကို အာရုံသိနဲ့တိုက်ရိုက်သိမြင်နိုင်တဲ့ အရာတွေမှာ အားနည်းတယ်ဆိုတော့ အတွေးက တမျိုး ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် နျူးကလီးယား သီအိုရီကို ထုတ်ဖော်ခဲ့တဲ့ အိုက်စတိုင်းဟာ သူရဲ့ ဖန်တီးမှုနဲ့ပတ်သက်ပြီး အကျိုးဆက် အဆိုးနဲ့အကောင်း တွဲလျှက်ရှိနေနိုင် မယ်ဆိုတာ အာရုံသိနဲ့ သိမယ်ဆိုပေမယ့် ဘယ်လောက်အထိ အကျိုးဆက် အဆိုးတွေရှိမယ်ဆိုတဲ့အပိုင်းတွေ မှာတော့ အားနည်းချက်တွေရှိနေနိုင်ပါတယ်။ တကယ်လို့သာ သူမှာ ဒီအချက်နဲ့ပတ်သက်ပြီး အားမနည်းခဲ့ဘူးဆိုရင် သူ နျူကလီးယားသီအိုရီကို ထုတ်ခဲ့တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုသာ သူ မထုတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးတွေဖြစ်တဲ့ နျူးကလီးယားစွမ်းအင်ကို ဆေးပညာမှာသုံးတာ၊ လျှပ်စစ်ဓာတ်အားမှာသုံးတာ ဒါမျိုးတွေကို ရရှိနိုင်ကြတော့မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဖလော်ဆော်ဖီကျမ်းရင်းတစ်ခုမှာတော့ “သိပ္ပံပညာရှင်တွေ ဟာ သူတို့ရဲ့စူးစမ်း လေ့လာချက်တွေကို လက်တွေ့စမ်းသပ်တာ မလုပ်ခင် ချင့်ချိန်တွေးဆဖို့ လိုအပ်ပြီး။ အဲ့ဒီလို တွေးဆတဲ့ နေရာမှာ ပြဿနာတွေပေါ်ပေါက်လာရင် ဒဿနပညာရှင်တွေက ဝေဖန်ချင့်ချိန်တွေးဆပြီး ကူညီဖြေရှင်း အဖြေရှာပေးကြ ရတယ်။” လို့ဆိုထားပါတယ်။ ဒါအပြင် ဒဿနပညာရှင်တွေအနေနဲ့ သိပ္ပံပညာရပ်တွေကို ဘယ်လို အသုံးပြုသင့်တယ်။ အသုံးပြုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာလည်း ပါဝင်နေပါတယ်။

ဒီသဘောတရားတွေနဲ့ပတ်သက်ပြီး အလွယ်ပြောမယ်ဆိုရင် ကျွန်တော်တို့ဒီဘက်ခေတ်မှာ အိုင်တီနည်းပညာလို့ သိပ္ပံပညာတွေ နေစဉ်နဲ့အမျှ အသစ်အဆန်းတွေ ထွက်ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူ့မှုအဖွဲ့အစည်းအတွင်း ဘယ်လို အသုံးပြုကြမလဲ။ အပေါ်မှာပြောခဲ့သလို သိပ္ပံပညာရှင်တွေ၊ အိုင်တီနည်းပညာရှင်တွေက သူတို့တာဝန်ကို သူတို့ကျေပွန်တဲ့ အနေနဲ့ နည်းပညာအသစ်အဆန်းတွေကို ထုတ်ဖော်နိုင်ခဲ့ကြတယ်ဆိုပေမယ့် အဲ့ဒီနည်းပညာတွေကို ကျွန်တော်တို့ လူငယ်တွေ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေနဲ့ ဆက်စပ်ပြီး ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ စဉ်းစားဖို့လိုလာပါပြီ။


၂။ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ ပြောမယ်ဆိုရင်လည်း သမိုင်းပညာနဲ့ သမိုင်းပညာရှင်တွေ အကြောင်းက စပြောရမှာပါပဲဖြစ်ပါတယ်။ သမိုင်းနဲ့ သမိုင်းပညာရှင်ဆိုတဲ့အရာတွေကို ဒဿနရှု့ထောင်ကနေပြောရမယ်ဆိုရင် တော့ လူသားတွေနဲ့ပတ်သက်နွယ်နေတဲ့ ဖြစ်ပျက်ခဲ့ပြီးသမျှအကြောင်းအရာတွေကို အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအတွက် သင်ခန်းစာအဖြစ်၊ အတွေ့အကြုံအဖြစ် ယူဆောင်လာတဲ့အရာလို့ အကြမ်းပြင် အဓိပ္ပါယ်ဖွင့်ဆိုလို့ရမယ်ထင်ပါတယ်။ သမိုင်းပညာရှင်ရဲ့ အခန်းကဏ္ဍကတော့ လူသားတွေရဲ့ အတိတ်က အဖြစ်အပျက်တွေကို ရှာဖွေဖော်ထုတ် ပေးဖို့တဲ့ တာဝန်ကို ယူထားကြတဲ့ ပုဂ္ဂိုလ်တွေဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သမိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက် တာသန်းထွန်းဆိုတဲ့ဘူးတဲ့ သမိုင်းပညာရှင်တစ်ယောက်ရဲ့ ရပ်တည်ချက်တွေကတော “သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။” လို့ ဆိုပါတယ်။

ဒီနေရာမှာ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းမှာတော့ အထက်ကပြောခဲ့သလို သမိုင်းပညာရှင်တွေ ထုတ်ဖော်ခဲ့ ကြတဲ့ လူသားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်ကအဖြစ်အပျက် သင်ခန်းစားတွေက အယူအဆသဘောတရားတွေကို ဒဿနအမြင်က ဆင်ခြင်သုံးသပ် ဝေဖန်စမ်းစစ်တဲ့ အခန်းကဏ္ဍကို ရောက်ရှိလာတာဖြစ်တယ်လို့ ဒဿနကျမ်းရင်း တချို့မှာ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ သမိုင်းဆိုင်ရာ သဘောသဘာဝနဲ့ပတ်သက်နေတဲ့ ပြဿနာရပ်တွေကို ဒဿနပညာက ဖြေရှင်းပြဖို့ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ လူသားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ဒဿန ပညာရှင်တွေက လက်ရှိလူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် လူ့အဖွဲ့အစည်းမှာ သမိုင်းနဲ့ပတ်သက်ပြီး အတိတ်ခေတ်သမိုင်း၊ မျက်မှောက်ခေတ်သမိုင်းနဲ့ အနာဂတ်ခေတ်သမိုင်းဆိုပြီးရှိတဲ့ နေရာမှာ အတိတ်ခေတ်သမိုင်းက အတွေ့အကြုံနဲ့ အားနည်းချက်တွေကို မျက်မှောက်ခေတ်သမိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက် စံနှုန်းတွေနဲ့ ချိန်ထိုးစဉ်းစားပြီး အနာဂတ်သမိုင်းအတွက် အလုပ်လုပ်ဆောင်ပေးကြရမယ့် တာဝန်တွေရှိလာပါပြီ။

သမိုင်းကြောင်းတလျှောက်မှာတော့ သမိုင်းဆိုင်ရာ ဒဿနပညာရှင်တွေက လူသားတွေရဲ့ လွတ်လပ်မှုကို တိုင်းတာဆုံးဖြတ် ပေးတာတွေကို ပြုလုပ်ခဲ့ကြရုံသာမက လူသားတစ်ယော်ချင်းဆီ (သမိုင်းဇာတ်ကောင်တစ်ယောက်ချင်းဆီရဲ့) လူ့ဘောင် အဖွဲ့အစည်းထဲမှာ ကိုယ်ကျင့်တရားအရ ဘယ်လိုဆောင်ရွက်ပြုမူခဲ့ကြတယ်ဆိုတာကိုလည်း ဖော်ထုတ်ပေးခဲ့ကြတာတွေ့ရပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းပညာရှင်လို့ အခန်းကဏ္ဍကပဲ ရပ်တည် ကြမလား၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ် သမိုင်းရဲ့လိုအပ်ချက်ကြောင့် မွေးဖွားလာရတဲ့ သမိုင်းဇာတ်ကောင်တွေ ဖြစ်ဖို့ ပြင်ဆင်ကြမလား။ ဒါမှမဟုတ် သမိုင်းဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို သမိုင်းမှတ်တမ်းတင်သူတွေပေးတဲ့ သင်ခန်းစားတွေကို လက်တွေ့လူမှုဘ၀မှာ ချိန်ထိုးတွက်ဆပြီး အနာဂတ်အတွက် ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေအတွက် ပုံဖော်ပေးကြမယ့်လူတွေအဖြစ် လုပ်ဆောင်ကြမလားဆို တာ မေးခွန်းထုတ်ဖို့ လိုအပ်လာပါပြီ။

၃။ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ပြောမယ်ဆိုရင် ပညာရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင် ပြောကြရမှာဖြစ်ပါတယ်။ ပညာရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒဿနဗေဒကျမ်းရင်းအချို့မှာတော့ လူအဖွဲ့အစည်းအသီးသီး က အနာဂတ်လူငယ်လူရွယ်တွေအနေနဲ့ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာသာရပ်အလိုက်သင်ကြားပို့ချ ပေးတဲ့ အရာအဖြစ် အကြမ်း ပြင်းရှု့မြင်နိုင်မယ်လို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းတိုင်းအတွက် အနာဂတ်လူငယ်တွေအတွက် ဘ၀ရပ်တည်နိုင်ရေးကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးတဲ့အလုပ်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ပညာရေးကို နိုင်ငံအသီးသီးက အစိုးရတွေက အဓိကအားဖြင့် ဦးဆောင်ဦးရွက်လုပ်ကြပြီး နိုင်ငံအတွက် လိုအပ်တဲ့ ခေါင်ဆောင်ကောင်း တွေကို ဘယ်လိုပညာရေးစနစ်က မွေးထုတ်ပေးနိုင်မလဲဆိုတာကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သင်ကြားရေးပုံစံတွေ၊ ပြဌာန်းချက်တွေကို ရေးဆွဲပြီး နှစ်ရှည်စီမံကိန်းတွေနဲ့ ပြုစုပျိုးထောင်မှုပြုလုပ်ကြတာတွေရပါတယ်။

ဒီနေရာမှာ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီဒဿနရဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ နိုင်ငံတကာနဲ့ ကမ္ဘာအရပ်ရပ်မှာ အကောင်းမွန်ဆုံး သင်ကြားရေးပုံစံတွေ စနစ်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့အဓိကကျတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်မှုတွေ ပြုလုပ်ပေးနေချိန်မှာ ကိုယ့်နိုင်ငံက အသက်မွေးဝမ်းကြောင်းပညာအဆင့်နဲ့ ရပ်တည်နေရင် ကိုယ်နိုင်ငံရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ဆိုတာ လုပ်ငန်းတစ်ခုကို လည်ပတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ပညာရှင်မျိုးတွေကို မွေး ထုတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာပဲ တဖက်က လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေကနေ အဆင့်မြင့်ပြီး အဆင့်မြင့်ပညာတွေကို သင်ကြားပြီး လူငယ်တွေကို ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးကိုလည်း မွေးထုတ်ဖို့ လိုအပ် လှပါတယ်။ အဲ့ဒီအခန်းကဏ္ဍကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေက ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အစိုးရက ဘယ်လိုပညာသင်ကြားရေးပုံစံမျိုးတွေနဲ့ သင်ကြားပေးလိုက် တယ်။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြတ်တဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးပုံစံနဲ့လား ဘယ်လိုဟာမျိုးနဲ့သင်ကြားပေးလိုက်တယ်ဆိုတာ ဝေဖန်ဆန်းသစ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ ဝေဖန်ဆန်းစစ်ချက်ဟာ ပြီးပြည့်စုံတဲ့ အဖြေကို မပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သိပြီး ကြိုးစားကြဖို့ပဲရှိပါတယ်။ အစိုးရကိုယ်တိုင်က ပညာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေအောင် ပြုလုပ်ထားတဲ့အခြေအနေမှာ အတွေးအခေါ်ပညာရှင်တွေက ပညာရေးစနစ်ရဲ့ အပြင်ဘက်ကနေ လူငယ်တွေအတွက် စိတ်ဓာတ်အဟာရအဖြစ် ပညာနို့ချို တိုက်ကျွေးနိုင်ကြဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ရော ကိုယ်သင်ကြားလာခဲ့ရတဲ့ ပညာရေးစနစ်ဟာ တကယ်ပဲ အကျိုးရှိတဲ ပညာရေးစနစ်လား၊ ဒီလိုမဟုတ်ပဲ အားနည်းချက်တွေရှိနေတဲ့ ပညာရေးစနစ်လားဆိုတာ ဝေဖန်ဆန်းစစ်နိုင်ကြဖို့လိုပါတယ်။ ဒီလိုဆန်းစစ်နိုင်မှ ကိုယ့်အတွက် ဘာအရေးကြီးသလဲ။ ဘာလိုအပ်သလဲ ဆိုတာကိုလည်း နားလည်လက်ခံပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။

၅။ အနှစ်ချုပ်

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာတွေကို ခြုံပြီးသုံးသပ်လိုက်ရင် သိပ္ပံဆိုင်ရာနဲ့ အကျွမ်းတဲ့ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ကွန်ပျူတာဆော့ဝဲယားတွေ၊ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ခ်တွေ၊ လူမှုရေးအွန်လိုင်းကွန်ယက်တွေနဲ့ အိုက်ဒီယို လောဂျီတွေအများကြီးကို လိုက်ပါနိုင်အောင် ကြိုးစားလေ့လာလိုက်စားနေကြရတယ်ဆိုတာတော့ အမှန်ပဲဖြစ်ပါလိမ့်မယ်။ ဒီလို လေ့လာကြတဲ့အခါမှာ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ဖို့နဲ့ ဒီနည်းပညာတွေကို ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ နိစဓူဝ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရား၊ ကျွန်တော်တို့နဲ့ မပတ်သက်ချင်လဲ ပတ်သက်နေရမယ့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ ကျွန်တော်တို့ကိုယ်တိုင် နေစဉ်နဲ့အမျှ ဖြတ်သန်းနေကြရတဲ့ သမိုင်းဖြစ်စဉ် တွေ၊ တစ်ယောက်နဲ့တစ်ယောက် မတူညီကွဲပြားခြားနားနေတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံနှုန်းတွေ၊ အနုပညာခံစားချက် တွေစတဲ့ စတဲ့အကြောင်းအရာတွေနဲ့ ချင့်ချိန်ပေါင်းစပ်ပြီး ကျွန်တော်တို့လူငယ်တွေဟာ သမိုင်းမှတ်တမ်းတင်သူတွေ၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ်ဒါမှမဟုတ် အနာဂတ်လူဘောင်အတွက် ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုသင်ခန်းစာယူပြီး ခိုင်မာတဲ့ပညာရေးစနစ်တစ်ရပ်ပေါ်ပေါက်လာအောင်၊ ဒါမှမဟုတ် လိုအပ်နေတဲ့ပညာရေးကွက်လပ်ကို ဖြည့်စည်းပေးနိုင်တဲ့သူတွေဖြစ်အောင် ဖော်ဆောင်နိုင်ကြစေဖို့ တိုက်တွန်းရင် ဒီစာကို နိဂုံးချုပ်လိုက်ချင်ပါတယ်။ အပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေဟာ မြန်မာတက္ကသိုလ်တွေမှာ သင်ကြားဖို့ ပြဌာန်းထားတဲ့ ဒဿနိကဗေဒဘာသာရပ် ပြဌာန်းစာအုပ်အချို့နဲ့ ဒဿနိကဗေဒက ဆရာတချို့ရဲ့ လမ်းဘေးဟောပြောပို့ချမှုတွေကို ကိုးကားပြီး ရေသားထားတာဖြစ် တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။

အံဘုန်းမြတ်

Read More...

Saturday, August 28, 2010

ရက်ပေါင်း ၉၀နှင့် ကိန်းသေငါးပါး

မောင်စူးစမ်း

နိုဝင်ဘာ ၇ရက်နေ့တွင် ရွေးကောက်ပွဲကြီးကျင်းပပြုလုပ် တော့မည်။ နိုင်ငံရေးပါတီအားလုံးကလည်း ခင်းကျင်းပြင်နေ ကြပြီး ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုဝင်ဘာ ၇ရက် နေ့အပြီး ရက်ပေါင်း ၉၀အတွင်း လွှတ်တော်တို့ကို ခေါ်ယူကျင်းပ ပေးရတော့မည်။ သို့ဖြင့် နိုဝင်ဘာ ၇ရက်မှ ရက်ပေါင်း ၉၀အ တွင်း လွှတ်တော်နိုင်ငံရေးဆိုပြီး ပေါ်ပေါက်တော့မည်။ လွှတ် တော်နိုင်ငံရေးအခင်းအကျင်းသစ်ဖြင့် နိုင်ငံရေးစနစ်သစ်ကို ဇန်န၀ါရီလထဲတွင် မြင်ရတော့မည်။
စစ်ဘက်စနစ်မှ ပါလီမန်လွှတ်တော်နိုင်ငံရေးစနစ်သို့ကူး ပြောင်းတော့မည်ဖြစ်၍ လူတိုင်းအဖွဲ့အစည်းတိုင်းသည် စနစ် သစ်နှင့် နေသားတကျဖြစ်ရန် ပြင်ဆင်ကြရတော့မည်။ တစ်ဖက် ကလည်း ကြိုတင်ပြင်ဆင်၊ အခြားတစ်ဖက်မှလည်း နိုဝင်ဘာ ၇ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်း ကြည့်ကြသည်။ နိုင်ငံရေးအကဲခတ်သမားတို့၌မူ ကြိုတင်ခန့်မှန်း နည်း သုံးနည်းရှိသည်။
သုံးနည်း

ပထမနည်းသည် အဖြေထွက်ပြီးသားအနေဖြင့် ကြည့်သော နည်းဖြစ်သည်။ Foregone Conclusion ဟုခေါ်သည်။ ရွေး ကောက်ပွဲမတိုင်မီကပင် မည်သည့်အဖွဲ့နိုင်မည်ဟုကျိန်းသေ ကြည့်တွက်သောနည်းဟုခေါ်သည်။ ဤနည်းအရ အာဏာရပါတီ ကပင် အနိုင်ရလိမ့်မည်ဟု ယေဘုယျခန့်မှန်းသည်။
ဒုတိယနည်းသည် မမျှော်လင့်သောအကျိုးဆက်တို့ကို မျှော် လင့်သောတွက်နည်းဖြစ်သည်။ ဤတွက်နည်းသည် အတိတ်အ တွေ့အကြုံကိုလည်း မှီငြမ်းသည်။ မမျှော်လင့်သောအကျိုးဆက် များ Law of Unexpected Consequences ဆိုသော သီအိုရီ ကိုလည်း မှီငြမ်းသည်။ သီအိုရီအရမသေချာ မရေရာမှုတွေလွှမ်း မိုးထားသောအခြေအနေတွင် အလျဉ်းသင့်တာတွေဖြစ်တတ် သည်။ ဤသီအိုရီကိုအခြေခံ၍လည်း မြန်မာ့နိုင်ငံရေးသည် အစီ အစဉ်အတိုင်းမဖြစ်ခဲ့သည့် အတွေ့အကြုံ Non Linear ကို ကောက် နုတ်ကြည့်၍ မသေချာမရေရာမှုကို ခန့်မှန်းထားသည်။ ရလဒ်ကို တပ်အပ်မပြောခြင်းကို သတိထားသောနည်းဖြစ်သည်။ တတိယ နည်းသည် အဖြစ်အပျက်တို့ကိုအကဲခတ်၍ ခန့်မှန်းကြည့်သော နည်းဖြစ်သည်ဟု ဆိုနိုင်သည်။

Read More...

ဒီမိုကရက်တစ်ပါတီနှင့် စိန်ခေါ်မှု


ကျော်လင်းဦး ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀

၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်မှာပဲ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ UDP ပေါ်ထွက် လာခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီဟာ လွတ်လပ်ရေး ခေတ်ဦးက နိုင်ငံရေး သမားတွေရဲ့ သားသမီးတွေနဲ့ တပည့်တပမ်းတွေက ဦးဆောင် ဖွဲ့စည်းထားတာလို့ ဆိုရမှာပါ။

ဒီအုပ်စုဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးရပ်ဝန်းမှာ တကွဲတပြားစီ ဖြစ်ခဲ့ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရာမှာ အားလုံးကို တတ်နိုင်သလောက် စုစည်းထားတာ တွေ့ရပါတယ်။ ပါတီ ဥက္က္ကဋ္ဌက ဦးသုဝေ၊ ဒုဥက္က္ကဋ္ဌတွေက ဦးရဲထွန်းနဲ့ ဦးဘတင့်ဆွေ၊ အထွေထွေ အတွင်းရေးမှူးကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူးက ဒုဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ သမီး ဒေါ်နေရည်ဗဆွေပါ။

ဟိုတချိန်က ဆိုရှယ်လစ် နိုင်ငံရေးသမား ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်းလည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

ဒီနေ့ UDP ပါတီမှာ ပါဝင်သူတွေကို တဦးချင်း ကောက်ကြောင်းဆွဲကြည့်မှ UDP အကြောင်းကို ပိုမိုသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပါတီကို စတင် တည်ထောင်သူတွေဟာ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ သူ့ဒေါင့်ကနေသူ ပါဝင်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ လွတ်လပ်ပြီး ခေတ်တုန်းက အာဏာရ ဖဆပလ အသိုင်းအဝိုင်းက လာသူတွေချည်းဖြစ်လို့ သူတို့ရဲ့ အတွေ့ အကြုံတွေနဲ့ နိုင်ငံရေး ပိုင်းဖြတ်မှုတွေဟာ ဒီနေ့ နိုင်ငံရေး အခင်းအကျင်းအောက်မှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရာမှာ အသုံး ဝင်ပါလိမ့်မယ်။ ဒါကြောင့် ပါတီကို စတင် တည်ထောင်သူ တချို့ရဲ့ ရပ်ပုံလွှာကို ဦးစွာ ဆန်းစစ် ကြည့်သင့်ပါတယ်။

ဦးသုဝေ

UDP ဥက္က္ကဋ္ဌ ဦးသုဝေဟာ ဟိုတချိန်က ဦးကျော်ငြိမ်းရဲ့ လူယုံတဦးပါ။ ကျောင်းသားဘဝက DSO လို့ခေါ်တဲ့ ဖဆပလ အစိုးရ ဘက်တော်သား ကျောင်းသားအုပ်စုမှာ လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာ ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေး အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းပြီးတဲ့နောက် ဦးနုဟာ ၁၉၆၉ ခုနှစ်မှာ အိန္ဒိယကို ဘုရားဖူးထွက်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည် ပြင်ပကို ထွက်လာပြီး ပါလီမန် ဒီမိုကရေစီပါတီကို တည်ထောင်ကာ ဗိုလ်နေဝင်း အစိုးရကို လက်နက်ကိုင် တော်လှန် ခဲ့ပါတယ်။

အဲဒီ တော်လှန်ရေးမှာ ဦးသုဝေလည်း ပါဝင်ခဲ့ပါတယ်။ ဖဆပလ အကွဲအပြဲမှာ တဖက်စီ ရှိခဲ့တဲ့ ဦးနုတို့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲမှာတော့ ပြန်လည် ပူးပေါင်းပြီး ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုရဲ့ လက်နက်ကိုင် တော်လှန်ရေးလည်း အကွဲအပြဲတွေနဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၈ဝ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အတူ ဦးနေဝင်းက ပြန်ခေါ်တဲ့အခါ ဦးသုဝေလည်း ရန်ကုန် ပြန်ရောက် သွားပါတယ်။

၁၉၈၈ ခုနှစ်မှာ ဦးသုဝေဟာ လက်ဟောင်း နိုင်ငံရေးသမား တဦးအနေနဲ့ ရှေ့တန်းကို ပြန်ထွက် လာပါတယ်။ လက်ရှိ စစ်အုပ်စုက အာဏာသိမ်းပြီး ပါတီတွေ ထောင်ခွင့် ပေးတဲ့အခါ ဒီမိုကရေစီပါတီကို တည်ထောင်ပြီး အရင်ဦးဆုံး ပါတီ မှတ်ပုံတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးသုဝေဟာ ဆိုရှယ်လစ်စနစ်ကို ယုံကြည်သူဖြစ်ပြီး ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ နည်းအရသာ သွားရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့ကိုယ်သူ ဆိုရှယ် ဒီမိုကရက်တဦးလို့ သတ်မှတ်ထားသူပါ။ ဆိုရှယ် ဒီမိုကရက်တွေဟာ ဥရောပက နိုင်ငံရေး အခင်းအကျင်းမှာတော့ လက်ဝဲ ဆန်သူတွေ ဖြစ်ပေမယ့် နှစ်ပေါင်း ၄ဝ ကျော် ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လိုသူ ဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။

ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲတွေ မထွက်သေးတဲ့ အတွက် ဒီမိုကရက်တစ် ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် သိခွင့် မရသေးပါဘူး။ ဒါပေမဲ့ ဦးသုဝေက လက်ရှိ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဆုံးဖြတ် လိုက်ခြင်းဟာ စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ဖို့ စီစဉ်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်က ဒီလို စနစ်တကျ နောက်ဆုတ်တာကို အားပေးဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။ အများက စစ်တပ်ရဲ့ ရိုးသားမှုကို သံသယရှိနေချိန်မှာ ဦးသုဝေကတော့ ပါလီမန် ဒီမိုကရေစီခေတ်က ဖဆပလ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဒုတိယ မျိုးဆက်တွေကို စုစည်းပြီး ဒီမိုကရက်တစ်ပါတီ အနေနဲ့ ရှေ့တန်းကို ထွက်လာခဲ့တာပါ။

ဦးရဲထွန်း

ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးကတော့ ဦရဲထွန်း ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်က တရားရေးဝန်ကြီး ဦးချန်ထွန်းရဲ့သား ဖြစ်ပြီး ဒေါက်တာဗမော်ရဲ့ သမက်လည်း တော်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကို လက်ယာ သမားအဖြစ် လူသိများပြီး အမေရိကန် လိုလားသူလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ခင်ညွန့်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဦးရဲထွန်းကို အမေရိကန်နဲ့ ပေါင်းပြီး တိုင်းပြည် ဖျက်ဆီးသူအဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ၈၈ အရေးအခင်းကိုလည်း လက်ဝဲ-လက်ယာပေါင်းပြီး အာဏာကို ဖြတ်လမ်းနည်းက ရယူဖို့ ကြိုးစားတာလို့ ဗိုလ်ခင်ညွန့်က စွပ်စွဲခဲ့ပါတယ်။

ဦးရဲထွန်းက နိုင်ငံရေးသမား တဦးအဖြစ်နဲ့ ရှေ့တန်းထွက်ပြီး လုပ်ကိုင်ဖို့ထက် စာရင် နောက်ကနေပြီး ကြိုးကိုင်ချင်သူလို့ သူ့ရဲ့ အပေါင်း အသင်းတွေက ဆိုပါတယ်။ ၈၈ အရေးအခင်း တုန်းကလည်း မကသ လို့ခေါ်တဲ့ မင်းဇေယျာ ဦးဆောင်တဲ့ ကျောင်းသားအုပ်စုနဲ့ နီးစပ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပဲ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

လက်ယာသမား ဦးရဲထွန်းတယောက် ဦးသုဝေနဲ့တွဲပြီး ဒီမိုကရက်တစ်ပါတီမှာ ပါလာတာကို တချို့က သဘော မကျကြပါဘူး။ ဒါပေမဲ့ လက်ယာအုပ်စု အားနည်းလှတဲ့ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကလည်း နိုင်ငံရေး ပါတီတရပ်ကို ဦးဆောင် ဖွဲ့စည်းတဲ့ထဲမှာ ပါဝင်လာတဲ့ အတွက် အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အသွေးအရောင် စုံလင်လာမှာတော့ အမှန်ပါပဲ။ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို ပိုမိုအားပေးပြီး အစိုးရရဲ့ လက်တံတွေ လျှော့နိုင်သမျှ လျှော့တဲ့ အစိုးရ ပုံသဏ္ဍာန်မျိုးကို အားသန်သူတွေ အတွက်တော့ ဦးရဲထွန်းဟာ လက်ယာလမ်းကို စတင်ဖောက်သူ တဦး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထောင်က လွတ်ပြီးတဲ့နောက် စစ်အုပ်စုနဲ့ နီးစပ်ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေကြောင့်လည်း မြန်မာ့ နိုင်ငံရေးနယ်ပယ်မှာ သူ့ကို နိုင်ငံရေးသိက္ခာ မဲ့သူအဖြစ် ကင်းပွန်း တပ်သူတွေလည်း မရှားပါဘူး။

ဒေါ်သန်းသန်းနု၊ ဒေါ်နေရည်ဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း

ဒေါ်သန်းသန်းနုဟာ ပြည်ပမှာပဲ တောက်လျှောက် နေထိုင်ခဲ့ပြီး သက္ကရာဇ် ၂ဝဝဝ ခန့်မှာ ပြည်တွင်း ပြန်ဝင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ ဦးနုဟာ အကျယ်ချုပ်ကနေ ပြန်လွတ်ခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ ဦးနုရဲ့ သားသမီးတွေ မြန်မာနိုင်ငံကို ပြန်လာပါတယ်။ အဲဒီအချိန်မှာ All India ရေဒီယိုမှာ အလုပ်လုပ်နေတဲ့ ဒေါ်သန်းသန်းနု ကတော့ နောက်ပိုင်းမှာမှ အပြီး ပြန်လာခဲ့တာပါ။ ဒါကြောင့် ၈၈ အရေးအခင်း အတွင်းနဲ့ အရေးအခင်းပြီးနောက် ပါတီတွေ ထောင်တဲ့ အထဲမှာ ဒေါ်သန်းသန်းနု မပါဝင်ခဲ့ပါဘူး။

ဒေါ်နေရည်ဗဆွေနဲ့ ဒေါ်ချိုချိုကျော်ငြိမ်းတို့ ကတော့ ၈၈ ကာလအပြီးမှာ မူလလက်ဟောင်း ဖဆပလ ပါတီနဲ့ ဖဆပလ လူငယ် အဖွဲ့ချုပ်တို့ကို တည်ထောင်ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲကို ဝင်ရောက် ခဲ့ကြပါတယ်။ ဒါပေမဲ့ မဲဆန္ဒနယ် တနယ်မှ မရတဲ့အတွက် ပါတီ ဖျက်သိမ်းခံရတဲ့ အထဲမှာ ပါဝင်သွားပါတယ်။

ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေရဲ့ သမီးတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် ထူးခြားတဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ မူဝါဒတွေတော့ ရှိပုံမရပါဘူး။ သူတို့ရဲ့ ဖခင်တွေဟာ ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ခဲ့တာကြောင့် သူတို့ နိုင်ငံရေး လောကထဲ ပြန်လည် ဝင်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းညှိပြီးသား ဖြစ်တယ်ဆိုတဲ့ တွက်ကိန်းနဲ့ စစ်အစိုးရကလည်း စောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။

ရွေးကောက်ပွဲနဲ့ အနာဂတ်စိန်ခေါ်မှုများ

ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်မယ့် ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်မှာတော့ သတင်းမီဒီယာ လောကမှာ လှုပ်လှုပ်ရှားရှား အရှိဆုံး ပါတီလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူလူထုအတွက် ဒီမိုကရက်တစ်က လွဲလို့ တခြား ရွေးစရာ မမြင်ပါဘူး။

ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီအတွက် ရွေးကောက်ပွဲအပြီး ကြုံရမယ့် စိန်ခေါ်ချက်တွေ ကတော့ ကြီးကြီးမားမား ရှိနေပါတယ်။ မဲဆွယ် လှုပ်ရှားရမယ့် အချိန် မလုံလောက်မှုကြောင့် ပြည်သူလူထုက ဒီမိုကရက်တစ် ပါတီကို မဲထည့်ခဲ့ရင်တောင် လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ရဲ့ ကိုယ်စားလှယ်တွေက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လွှတ်တော်ထဲကနေ ပြုပြင် ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေတော့ အောင်အောင်မြင်မြင် အတည်ပြုနိုင်ဖို့ အလှမ်း ဝေးနေပါသေးတယ်။

ဒီထက်ပိုပြီး ကြီးကြီးမားမား ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်ကတော့ လွှတ်တော်တွင်းက မဟုတ်ဘဲ လွှတ်တော်ပြင်ပကနေ ဒီမိုကရက်တစ် ပါတီဝင်တွေကို ခြိမ်းခြောက်မှုတွေ၊ ကိုယ်ထိလက်ရောက် စော်ကားမှုတွေအပြင် လက်ရှိ တည်ဆဲ ဥပဒေတွေ အရ အပြစ်ပေး အရေးယူမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့ အတွက် လက်ရှိ စစ်အုပ်စုနဲ့ ပဋိပက္ခ ဖြစ်နိုင်မယ့် အပြုအမူ၊ အပြောအဆို တွေကို ထိန်းချုပ် ရပါလိမ့်မယ်။ ဒါတွေကို ထိန်းချုပ်နေမယ် ဆိုရင်လည်း လူထု အကျိုးရှိရာ ရှိကြောင်းကို ဒီမိုကရက်တစ် ပါတီဝင်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ပြောဆိုနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီမိုကရက်တစ် ပါတီ UDP အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အုပ်စုနဲ့ ပြေလည်ရေးအကြား ဘယ်လို ထိန်းညှိပြီး ရှေ့ဆက် လျှောက်လှမ်းမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


Ref: မဇ္ဈိမ

Read More...

Friday, August 27, 2010

ရက်ပေါင်း ၉၀နှင့် ကိန်းသေငါးပါး -

မောင်စူးစမ်း

နိုဝင်ဘာ ၇ရက်နေ့တွင် ရွေးကောက်ပွဲကြီးကျင်းပပြုလုပ် တော့မည်။ နိုင်ငံရေးပါတီအားလုံးကလည်း ခင်းကျင်းပြင်နေ ကြပြီး ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုဝင်ဘာ ၇ရက် နေ့အပြီး ရက်ပေါင်း ၉၀အတွင်း လွှတ်တော်တို့ကို ခေါ်ယူကျင်းပ ပေးရတော့မည်။ သို့ဖြင့် နိုဝင်ဘာ ၇ရက်မှ ရက်ပေါင်း ၉၀အ တွင်း လွှတ်တော်နိုင်ငံရေးဆိုပြီး ပေါ်ပေါက်တော့မည်။ လွှတ် တော်နိုင်ငံရေးအခင်းအကျင်းသစ်ဖြင့် နိုင်ငံရေးစနစ်သစ်ကို ဇန်န၀ါရီလထဲတွင် မြင်ရတော့မည်။
စစ်ဘက်စနစ်မှ ပါလီမန်လွှတ်တော်နိုင်ငံရေးစနစ်သို့ကူး ပြောင်းတော့မည်ဖြစ်၍ လူတိုင်းအဖွဲ့အစည်းတိုင်းသည် စနစ် သစ်နှင့် နေသားတကျဖြစ်ရန် ပြင်ဆင်ကြရတော့မည်။ တစ်ဖက် ကလည်း ကြိုတင်ပြင်ဆင်၊ အခြားတစ်ဖက်မှလည်း နိုဝင်ဘာ ၇ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်း ကြည့်ကြသည်။ နိုင်ငံရေးအကဲခတ်သမားတို့၌မူ ကြိုတင်ခန့်မှန်း နည်း သုံးနည်းရှိသည်။
သုံးနည်း

ပထမနည်းသည် အဖြေထွက်ပြီးသားအနေဖြင့် ကြည့်သော နည်းဖြစ်သည်။ Foregone Conclusion ဟုခေါ်သည်။ ရွေး ကောက်ပွဲမတိုင်မီကပင် မည်သည့်အဖွဲ့နိုင်မည်ဟုကျိန်းသေ ကြည့်တွက်သောနည်းဟုခေါ်သည်။ ဤနည်းအရ အာဏာရပါတီ ကပင် အနိုင်ရလိမ့်မည်ဟု ယေဘုယျခန့်မှန်းသည်။
ဒုတိယနည်းသည် မမျှော်လင့်သောအကျိုးဆက်တို့ကို မျှော် လင့်သောတွက်နည်းဖြစ်သည်။ ဤတွက်နည်းသည် အတိတ်အ တွေ့အကြုံကိုလည်း မှီငြမ်းသည်။ မမျှော်လင့်သောအကျိုးဆက် များ Law of Unexpected Consequences ဆိုသော သီအိုရီ ကိုလည်း မှီငြမ်းသည်။ သီအိုရီအရမသေချာ မရေရာမှုတွေလွှမ်း မိုးထားသောအခြေအနေတွင် အလျဉ်းသင့်တာတွေဖြစ်တတ် သည်။ ဤသီအိုရီကိုအခြေခံ၍လည်း မြန်မာ့နိုင်ငံရေးသည် အစီ အစဉ်အတိုင်းမဖြစ်ခဲ့သည့် အတွေ့အကြုံ Non Linear ကို ကောက် နုတ်ကြည့်၍ မသေချာမရေရာမှုကို ခန့်မှန်းထားသည်။ ရလဒ်ကို တပ်အပ်မပြောခြင်းကို သတိထားသောနည်းဖြစ်သည်။ တတိယ နည်းသည် အဖြစ်အပျက်တို့ကိုအကဲခတ်၍ ခန့်မှန်းကြည့်သော နည်းဖြစ်သည်ဟု ဆိုနိုင်သည်။

Read More...

စိတ်ကူးနဲ့လက်တွေ့


(Voice ဂျာနယ်မှာပါတဲ့ အောင်ထွဋ်ရဲ့ သန်း၅၀ ကို အနိုင်ပေးပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး သုံးသပ်ချက် ဖြစ်ပါတယ်။ အရင်ကတော့ ဆောင်းပါးကို မူရင်းအတိုင်း တင်ပေးထားပြီး စာဖတ်သူများကပဲ သုံးသပ်မှတ်ချက် ရေးကြပါတယ်။ အခုတော့ သက်ဆိုင်ရာ ဂျာနယ်က ဆောင်းပါးတွေ တင်တာကို တားမြစ်ထားတဲ့အတွက် ကျွန်တော်တို့ကပဲ ဖတ်ညွှန်း လုပ်ပေးလိုက်ပါတယ်။)

အောင်ထွဋ်ရဲ့ သန်းငါးဆယ်ကို အနိုင်ပေးပါ ဆိုတဲ့ဆောင်းပါးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ထဲမှာပါတဲ့ အပိုဒ် ၆ နဲ့ အစချီထားပါတယ်။ သိပြီးဖြစ်တဲ့အတိုင်း ဒီစာပိုဒ်ဟာ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲသတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းကြား လိုက်သည်။ လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အောင်ထွဋ်က ဒီစာပိုဒ်ဟာ မထည့်လည်းရတဲ့ စာပိုဒ်ဖြစ်တယ်။ ဒီလိုစာပိုဒ် ပါလာတာဟာ အရေးကြီးတဲ့ အဓိပ္ပါယ် ကိုဆောင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာကြောင့် ဖြစ်နေရတဲ့ Status- quo ကနေထွက်ပေါက်ရဖို့ အတွက် ဒီစာပိုဒ်ကနေ တပ်မတော်ဘက်က ဘာကိုလိုချင်တာလဲဆိုတာ အဓိပ္ပါယ် ဖော်နိုင်ရေးဟာ အရေးကြီးတယ်လို့ သုံးသပ်ပြထားပါတယ်။ သူ့ဆောင်းပါးတစ်ခုလုံးရဲ့ Theme ဟာ ဒီအချက်ပေါ်မှာအခြေခံပြီးရေးထားတာဖြစ်ပါတယ်။

အောင်ထွဋ်က တပ်မတော်ဘက်က ဘာကိုလိုချင်လည်း ဆိုတဲ့အပေါ် အခုလိုရေးပါတယ်။ Guardian အဖြစ် ခံယူ ထားသူ တပ်မတော်၏ Rule of Game အတိုင်းလိုက်ပါကစားရန် သဘောတူ၊ မတူကိစ္စမှာ ကနဦး ဆုံးဖြတ်ရမည့် အချက် တစ်ချက်ဖြစ်ပေသည်။ ဒါကတော့ အခြေခံဥပဒေနဲ့ လမ်းပြမြေပုံကို လက်ခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဖြစ်နိုင်မယ်ဆိုတဲ့ သဘောကို သွယ်ဝိုက်ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ လူအတော်များများ သဘောပေါက် ထားတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အောင်ထွဋ်က ဒီအချက် တစ်ခုတည်းနဲ့ မလုံလောက်သေးဘူးလို့ မြင်ပါတယ်။ သူ့အဆိုအရ ရွေးကောက်ပွဲဝင်မယ် ဆိုရင်တောင် ရွေးကောက်ပွဲမှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင် ပွတ်တိုက်မှုတွေ ဖြစ်နိုင်ချေရှိသေးတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တပ်မတော် အနေနဲ့ သူမကို မဟာဗျူဟာ မိတ် ဖက်အနေနဲ့လက်ခံသွားအောင်လုပ်ရမယ်လို့ ကောက်ချက်ချထားပါတယ်။

ဒီကောက်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဆက်လုပ်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရင်က သူ့ဆောင်းပါးတွေမှာဖော်ပြထားခဲ့တဲ့ အချက်နှစ်ချက်ကို ပြန်ညွှန်းပါတယ်။ အဲဒါတွေကတော့ --

၁။ စနစ်ပြောင်း - အုပ်ချုပ်သူမပြောင်း ကိစ္စကို သဘောထားကြီးကြီးနဲ့ သဘောတူသင့်တယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၅၀% အောက်တွင်သာ ၀င်ပြိုင်ရမယ်။

အောင်ထွဋ်က ဧပြီလမှာ အဲဒီအယူအဆကို ရေးတုံးက သူပြောသလို ဒေါ်အောင်ဆန်းစုကြည် ဘက်က လိုက်လုပ် ရင်တောင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလွှတ် ကံသေကံမ မပြောနိုင်ဘူး။ ဒါပေမယ့် အခုတော့ ဆောင်းပါး အစမှာ ညွှန်းခဲ့တဲ့ အပိုဒ် ၆ ပါ အစိုးရ သဘောထားကြောင့် သူများစွာ ရင်ခုန်မိပါတယ်လို့ ပြောထားပါတယ်။ ဆောင်းပါးရဲ့ အဆုံးမှာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဖြစ်နိုင်ခြေ ငါးခုကို ချပြထားပါတယ်။ အဲဒီထဲက လေးခုကိုတော့ စာဖတ်သူတွေ ကိုယ်တိုင် အဖြေထုတ်ဖို့ကွက်လပ်ချန်ထားပြီး နောက်ဆုံးတစ်ခု အတွက်ပဲ သူ့အမြင်ကို ရေးထားပါတယ်။ ဒါပေမယ့် ကျန် တဲ့လေးခုကတော့ Status – quo ကို ပြန်သွားမယ့် နည်းလမ်းတွေသာ ဖြစ်တယ်လို့ရေးထားတော့ စာဖတ်သူတွေ ဘာ အဖြေဖြေ ထုတ်ထုတ် မထူးဘူးဆိုတဲ့ သဘောလို ဖြစ်နေပါတယ်။ သို့သော် သူပြောတဲ့ ဖြစ်နိုင်ချေ ငါးခုကို စဉ်းစားနိုင်အောင် ဖော်ပြလိုက်ပါတယ်

၁။ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြု။ ( သူ့သဘောထားမရေးပါ။ စာဖတ်သူများ သုံးသပ်ရန်လို့ ပြောပါ တယ်။ )

၂။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တယ်။ သို့သော် အမတ်လောင်းများ ဥပဒေနဲ့ ငြိနေလို့ အနည်းငယ်သာ ၀င်ပြိုင်နိုင်တယ်။ ( သူ့သဘောထား မရေးပါ။ စာဖတ်သူများ သုံးသပ်ရန်လို့ ပြောပါ တယ်။ )

၃။ ရွေးကောက်ပွဲ ၀င်ပြိုင်တယ်။ အကြောင်းကြောင်းကြောင့် အနည်းစုပဲ အနိုင်ရတယ်။ ( ဘယ်သူနိုင်တာလဲဆိုတာ မပြောထား။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ညွှန်းတယ်လို့ပဲ နားလည်မိတယ်။ ) ( သူ့သဘောထား မရေးပါ။ စာဖတ်သူများ သုံးသပ်ရန်လို့ ပြောပါ တယ်။ )

၎။ ရွေးကောက်ပွဲ ၀င်ပြိုင်တယ်။ အများစု အနိုင်ရတယ်။ ( ဘယ်သူနိုင်တာလဲဆိုတာ မပြောထား။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ညွှန်းတယ်လို့ပဲ နားလည်မိတယ်။ ) ( သူ့သဘောထားမရေးပါ။ စာဖတ်သူများ သုံးသပ် ရန်လို့ ပြောပါ တယ်။ )

၅။ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်းရဲ့ ထက်ဝက်အောက်မှာသာ ယှဉ်ပြိုင်တယ်။ ဒါတောင်မှ တိုင်းတွေမှာပဲ ပြိုင် သင့်တယ်။ တိုင်းရင်းသားတွေကို ဦးစားပေးတဲ့ အနေနဲ့ ပြည်နယ်တွေမှာ ၀င်မပြိုင်သင့်တဲ့ သဘောပြောပါတယ်။ ဒီနည်းလမ်းကတော့ အောင်ထွဋ် ဖြစ်စေချင်တဲ့ နည်းလမ်းဖြစ်ပြီး ရလဒ်အနေနဲ့ကတော့ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်ဖြစ်မယ်။ အင်အားကြီးတဲ့ အတိုက်အခံ ပါတီကို ရမယ်။ အပြန်အလှန် ထိန်းကျောင်းနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရပ်သွားမယ်။ စီးပွားရေး ပြဿနာတွေ ရှင်းနိုင်မယ် စသည်ဖြင့် ရလာမယ်။

ဆောင်းပါးရှင်က ဒီနည်းလမ်းသာလျှင် မြန်မာနိုင်ငံသား သန်းငါးဆယ်၊ အထူးသဖြင့် လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားများရဲ့ စီးပွားရေးကို ထောင်မတ်နိုင်ဖို့အတွက် ပိတ်ဆို့မှုများ ရပ်ဆိုင်းရေးဟာ အခုဖြစ်နေတဲ့ Status-quo ရပ် ဆိုင်းမှဖြစ်မယ်။ ဒီလိုရပ်ဆိုင်းဖို့ဆိုတာ သူတင်ပြတဲ့ နည်းလမ်းအတိုင်းသွားမှ ဖြစ်မယ်လို့ ကောက်ယူ တင်ပြထားတာ ဖြစ်ပါတယ်။ အဆုံးသတ်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး Status-quo ကို ရပ်ဆိုင်းနိုင်ခြင်းသည် မြန်မာနိုင်ငံသား မျိုးဆက် များစွာတို့အတွက် Generational Gain ဖြစ်ပါသည်။ နှစ်ဖက်ပြေလည်ခြင်းကို ရရှိသည့် အခိုက်အတန့်တွင် အဘယ်ကြောင့် ဤမျှ ကြည်နူးစရာကောင်းသော အခြေအနေကို အဘယ်ကြောင့် အရင်က မတွေးမိခဲ့ရ ပါသနည်းဟု စဉ်းစားမျက်ရည်ကျ ကြရပါလိမ့်မည်လို့ အောင်ထွဋ်က နိဂုံးချုပ်ထားပါတယ်။ ဒါဟာ သူ့အယူအဆအပေါ် အတော်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြောကြားလိုက်တဲ့ သဘောပါပဲ။

အောင်ထွဋ်ရဲ့ ဆောင်းပါးမှာ သဘောတူတာလည်း ရှိ၊ မတူတာလည်း တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံဥပဒေကို လက်ခံသင့်တယ်။ ဒါဆိုရင် တပ်မတော်ကလည်း သူမကို လွှတ်ပေးသင့်တယ် ဆိုတာကတော့ ကျွန်တော်တို့လည်း သဘောတူပါတယ်။ ဒါဟာ အကောင်းဆုံး ထွက်ပေါက်လို့လည်း မြင်ပါတယ်။

သို့သော် ဒုတိယ အဆင့်ဖြစ်တဲ့ စနစ်ပြောင်း - အုပ်ချုပ်သူ မပြောင်းဆိုတဲ့ အယူအဆကို ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က လက်ခံသင့်တယ်ဆိုတဲ့ အချက်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အခြေခံဥပဒေကို လက်ခံလိုက်ခြင်း ဟာ လိုချင်တဲ့ အတိုင်းအတာကို မရောက်ပေမယ့် အတိုင်းအတာ တစ်ခုအထိ အကောင်းဘက်ကို ရှေ့ရှု ပြောင်းလဲသွားနိုင် တယ်ဆိုတဲ့ အယူအဆကြောင့်သာ ဖြစ်မှာပါ။ ဒါ့ကြောင့် အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကို ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်နိုင်ငံရေးသမား၊ ဘယ်နိုင်ငံရေး ပါတီမဆို လုပ်နိုင်၊ ကိုင်နိုင်တဲ့ အမတ်နေရာရအောင် ကြိုးစားကြမှာပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးစားကြသူတွေထဲက ဘယ်သူကိုတော့ ယုံကြည်ပြီး ပုံအပ်သင့်တယ် ဆိုတာကတော့ မဲဆန္ဒရှင်တွေကပဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကို စနစ်ပြောင်း- အုပ်ချုပ်သူပြောင်း ဆိုတာကို လက်ခံဖို့ ပြောတာဟာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခုက မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၅၀ % အောက်ပဲ ၀င်ပြိုင်ဖို့ကိစ္စ။ အောင်ထွဋ်က အကျယ်ချဲ့ မရေးပေမယ့် ထက်ဝက်အောက်ပဲ ၀င်ပြိုင်တဲ့အတွက် လွှတ်တော်မှာ အများစုနေရာ မရနိုင်ဘူး။ ဒါဆိုရင် အစိုးရအနေနဲ့ အတိုက်အခံများ ဘက်က အများစုရသွားမှာကို မစိုးရိမ်တော့ဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲ အကြိုကာလနဲ့ ရွေးကောက်ပွဲ ကာလမှာ သူ့ စကားအတိုင်း ပြောရရင် ပွတ်တိုက်မှုတွေ မဖြစ်နိုင်တော့ဘူးလို့ ကောက်ယူပုံ ရပါတယ်။

ဒါဟာ သီအိုရီကတော့ အလွန်ကောင်းပါရဲ့။ ဒါပေမယ့် လူ့သဘောသဘာဝအရ ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့ လေ့လာမိသလောက် ၁၉၉၁ ခုနှစ်မှာ စင်္ကာပူ အတိုက်အခံ ပါတီတွေဖြစ်တဲ့ အလုပ်သမားပါတီနဲ့ ဒီမိုကရက်တစ် ပါတီတို့ က နည်းဗျူဟာအသစ် တစ်ခုချပါတယ်။ စင်္ကာပူမှာ အာဏာရ PAP ပါတီက အတိုက်အခံတွေ အပေါ်ထားတဲ့ သံသယတွေ လျော့သွားအောင်ရယ်။ လူတွေက အတိုက်အခံပါတီတွေကို မဲပေးတဲ့နေရာမှာ ပိုပြီးယုံကြည်လာအောင်ရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတိုက်အခံတွေဟာ အမတ်နေရာ ၈၄ နေရာအနက် ၄၀ နေရာမှာပဲ ၀င်ပြိုင်မယ်လို့ ကြေညာခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစိုးရကလည်း အတိုက်အခံတွေဟာ အာဏာရဖို့လုပ်နေတာ၊ အစိုးရဖွဲ့နိုင်အောင် လုပ်နေတာ မဟုတ်ဘူးလို့ မြင်မယ်။ လူတွေကလည်း အတိုက်အခံကို မဲပေးတဲ့အတွက် အာဏာရပါတီ ပြုတ်ကျသွားမှာ မပူရဘူး။ အားကောင်းတဲ့ အတိုက်အခံ ရှိလာတဲ့အတွက် ပိုကောင်းမယ်လို့ ယုံကြည်လာမယ်ဆိုပြီး ယူဆခဲ့တယ်။ ဒါပေမယ် ဒီနည်းဗျူဟာက မအောင်မြင်ပါဘူး။ မအောင်မြင်ရတဲ့ ပထမ တစ်ချက်ကတော့ PAP ပါတီရဲ့ လွှမ်းမိုးမှုက အရမ်းကြီးမား နေလို့ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လူ့သဘော သဘာဝကြောင့် ဖြစ်ပါတယ်။ လူဆိုတာက ရှုံးကာမှ ရှုံးရော။ အမတ်လောင်း အဖြစ်တော့ ၀င်နွဲလိုက်ချင် သေးတာကိုး။ ဒီတော့ အတိုက်အခံတွေ ကြားထဲမှာတင် ဘယ်သူက ပြိုင်မယ်။ ဘယ်သူက မပြိုင်နဲ့လို့ ရွေးချယ်တဲ့ နေရာမှာတင် ကွဲကြ၊ ပြဲကြဖြစ်ကုန်တာနဲ့ အတိုက်အခံတွေမှာ ပိုပြီး အားနည်း သွားပါတယ်။ ၀င်ပြိုင်ခွင့် မရတဲ့ အတိုက်အခံ အမတ်လောင်း တစ်ချို့ကလည်း ဟင် မပြိုင်ရမှတော့ နင့်ပါတီဝင်နေလို့ ဘာထူးမှာလည်း ။ အစိုးရဘက် သွားတော့မှာပေါ့ဆိုပြီး ဘက်ပြောင်းသွားတာလည်းရှိရဲ့။

ဒီတော့ အနာဂတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်လွှတ်တောာ်နှစ်ရပ်နဲ့ ပြည်နယ်၊တိုင်းလွှတ်တော် တွေအတွက် အမတ်နေရာ ရှစ်ရာ၊ကိုးရာလောက်ပေါ်လာမယ်ထင်ပါတယ်။ ဒီအခါ ဘယ်သူက ပြိုင်၊ ဘယ်သူက မပြိုင်နဲ့လို့ ပြောနိုင်ဖို့အတွက် အတော်ခက်မယ်လို့ ထင်ပါတယ်။ နောက်ပြီး မဲဆန္ဒနယ်တစ်ခုမှာ လူတွေက ဒီအမတ်လောင်းကို သိပ်ကြိုက်နေတယ်။ ဒါပေမယ့် ပါတီရဲ့မူအရ သူ့နယ်မြေက ၀င်ပြိုင်မယ့်အထဲမှာ မပါဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အောင်ထွဋ် ဆောင်းပါးမှာ ဒီစနစ်ကို ကျင့်သုံးလို့ အောင်မြင်သွားတဲ့ နိုင်ငံရှိမရှိ ရေးမထားလို့ မသိနိုင်ပါ။ လေ့လာမိတဲ့ စင်္ကာပူမှာ တော့အလုပ်မဖြစ်တာကိုတွေ့ပါတယ်။ အောင်မြင်တဲ့နိုင်ငံအကြောင်း အောင်ထွဋ်က စေ့စေ့ငငလေး ရေးပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ အခုဖတ်ရသလောက်နဲ့ ပြောရရင်တော့ ဒါဟာ စိတ်ကူးယဉ်လွန်းရာ ကျတယ်လို့ ဆိုရင်မှားမယ် မထင်ပါ။

နောက်တစ်ခါ အောင်ထွဋ် ပြောမထားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံ ဥပဒေကို လက်မခံဘူး။ ၀င်လည်းမပြိုင်ဘူး။ သူ့အယူအဆကိုလည်း ထုတ်ပြောမယ်။ သို့သော် ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်အောင် မလုပ်ဘူး။ ပါချင်တဲ့လူတွေ ၀င်ပြိုင်၊ လူထုက ဆုံးဖြတ်ပါ။ အစိုးရ ဘက်ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေဟာ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ဖို့နဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာခွင့်ပေးပါလို့ တောင်းဆိုတာ မျိုးရော ဖြစ်မလာနိုင်ဘူးလား။ အဲဒါက အောင်ထွဋ်ပြောတဲ့ ဒုတိယအဆင့်များထက် ပိုပြီးများ လက်တွေ့ကျလေမလား။

ပြန်ချုပ်လိုက်ရင်တော့ အောင်ထွဋ်ရဲ့ ပထမ ယူဆချက်ဖြစ်တဲ့ အစိုးရကြေညာချက် အပိုဒ် ၆ မှာပါတဲ့ ကမ်းလှမ်းချက်ဟာ အခွင့်အရေး တစ်ခုဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က အခြေခံဥပဒေကို လက်ခံသင့်တယ် ဆိုတဲ့ အယူအဆ ကတော့ အငြင်းပွားစရာမရှိပါ။ သို့သော် နောက်တစ်ဆင့် ကတော့ လုပ်နိုင်ရင် ကောင်းပါရဲ့။ သို့သော် လက်တွေ့ ဘ၀နဲ့ နည်းနည်းကင်းကွာ နေတယ်၊ ဖြစ်နိုင်ချေ နည်းလွန်းတယ်လို့သာ ထင်မိကြောင်းပါ။
http://padaukmyay.blogspot.com/2009_08_01_archive.html

Read More...

အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု

မင်းခက်ရဲ (၂၀၀၇ ခုနှစ်၊ ဧပြီလထုတ် “အတွေးအမြင်”)

(ကျွန်တော်တို့လူငယ်တွေ အိုက်ဒီယိုလိုဂျီနဲ့ ယဉ်ကျေးမှုအကြောင်း အငြင်းအခုန်စကားတွေ အများကြီးပြောဖြစ်ကြတယ်။ အဲ့ဒီမှာ ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ်ကစပြီး အလယ်ခေတ် ဟေဂယ်၊ ကားလ်မာ့ခ်စ်နဲ့ နောက်ပိုင်း တော်ဖလာရဲ့ တတိယလှိုင်းတိုင်အောင် ကျွန်တော်တို့ရဲ့ အိုက်ဒီယိုလိုဂျီနဲ့ ယဉ်ကျေးမှုတွေအတွက် သိလိုစိတ်ကို ပြည့်မှီအောင် နားမလည်နိုင်ခဲ့ပါဘူး။ တက္ကသိုလ်ကျောင်းသား ဘ၀တွေတုန်းကတော့ လက်ဘက်ရည်ဆိုင်တကာမှာ ဒီအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြဖူးပါတယ်။ နောက် ကျောင်းတွေလည်းပြီးရော သူငယ်ချင်းဟောင်းတွေရော သူငယ်ချင်းသစ်တွေရော အွန်လိုင်းတွေပေါ်ရောက် ဂျီတော့တွေမှာ ငြင်းခုန်၊ Facebook ပေါ်မှာ ငြင်းခုန်၊ အမြင်မျိုးစုံကို ထင်မြင်ချက်တွေပေးပြီး စာနည်းနည်းပဲ ဖတ်တဲ့လူကို စားများများဖတ်ထားသူက ဆရာလုပ်။ စာများများ ဖတ်ထားသူ သူထက်စာပိုဖတ်တဲ့လူက စကားလုံးတွေနဲ့ လှိုမ့်ဆော်.. အရင်ကတော့ လက်ဘက်ရည်ဝိုင်းမှာ ငြင်းခုန်ကြတာဆိုတော့ လေထဲတင်ပျောက်ခဲ့ကြရတယ်။ ဆွေးနွေးငြင်းခုန်မှုတွေရဲ့ ရလဒ်ရယ်လို့ ဘာမှ ထွက်မလာခဲ့ပါဘူး။ ဒီဘက်ခေတ် အွန်လိုင်းပေါ်မှာ ငြင်းခုန်တဲ့ယဉ်ကျေးမှု ထွန်းကားလာတော့ အရင်ကလို လေထဲပျောက်သွားတဲ့ အဆင့်ထက်တော့ အများကြီး ကျော်လွန်လာခဲ့ပါပြီ။ ဒါကြောင့် သဲထဲရေသွန် ငြင်းခုန်မှုယဉ်ကျေးမှုကနေ နည်းနည်းပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတစ်ခုမှာ ဆက်ပြီးတော့ ငြင်းခုန်နိုင်ဖို့ ငြင်းခုန်စရာလေးတွေပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြန်တင်ပေးလိုက်ရပါတယ်။ ဒါကတော့ ဆရာမင်းခက်ရဲရဲ့ “အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု” လို့ အမည်ရတဲ့ ဆောင်းပါးလေးပါ။ ဒီဆောင်းပါးဟာ ၂၀၀၇ ခုနှစ် ဧပြီလထုတ် “အတွေးအမြင်” မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဖတ်ပြီးသူတွေလည်း ပြန်ဖတ်ပြီး ဝေဖန်ဆွေးနွေးနိုင်ဖို့ ဘလော့ခ်ပေါ်က ပြန်တင်ပေး လိုက်ရပါတယ်။)
အံ့ဘုန်းမြတ်

ယဉ်ကျေးမှုကို ပုံစံအမျိုးမျိုးအဖြစ်သတ်မှတ်ကြည့်မြင်ကြတယ်။ ပထမပိုင်းက စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေ တစ်ရပ်ဆိုတဲ့ ပုံအဖြစ်မြင်တာ။ နောက်တော့ ဒီထက်မကဘူး။ လူ့အဖွဲ့အစည်း၊ အုပ်စုတွေကိုထည့်ပြီး တွက်ချက်လာတယ်။ ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ အသိပညာနဲ့ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေတိုင်းကို သတ်မှတ်ခေါ်ဝေါ်ချင်ကြတယ်။ တချို့တော့ ယဉ်ကျေးမှုဆိုတာာ လူရဲ့အသိပညာနဲ့ တိုက်ရိုက်သတ်ဆိုင်နေတာမျိုး မဟုတ်ဘူး။ လူတွေရဲ့ ပြင်ပလူမှုရေးအခြေအနေထဲမှာ တွေ့နေရတဲ့ ပြင်ပအရှိတရားကိစ္စလို မြင်တာ။ ဥပမာအားဖြင့် ဒီလိုယူဆလိုက်တဲ့ အတွက် ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ သဘောသဘာဝကို ဖော်ပြနေတဲ့ အနုပညာတွေ၊ စာပေနဲ့ အသိပညာ ဆိုင်ရာ အလုပ်တွေသာဖြစ်တယ်လို့ ယူဆတယ်။ နောက်ဆုံး ယဉ်ကျေးမှုဆိုင်ရာ လေ့လာချက်က လူတွေရဲ့ ဘ၀နေထိုင်မှုဆိုင်ရာ လမ်းကြောင်းလို့ သတ်မှတ်တယ်။

လမ်းကြောင်းဆိုရုံနဲ့ ယဉ်ကျေးမှုကိစ္စက ရှင်းလို့မပြီးသေးဘူး။ ပြဿနာတွေအများကြီး ထပ်ဝင်လာသေးတယ်။ ဘ၀နေထိုင်မှု လမ်းကြောင်းဆိုတော့ လူ့အဖွဲ့အစည်းထဲမာ ဘယ်အရာကို လမ်းကြောင်းလို့သတ်မှတ်မလဲ။ အုပ်စုတွေခွဲပြီး သတ်မှတ်မှာလား။ လူမှုရေးအဆောက်အအုံတစ်ခုအတွင်းမှာပဲ လမ်းကြောင်းတွေက အမျိုးမျိုးဖြစ်နေတာလား။ တစ်ခုတည်းရှိတာလား။ လူမှုရေး အဆောက်အအုံနဲ့ ယဉ်ကျေးမှုကိုရော ဘယ်လိုခွဲခြားမလဲ။ လူတစ်ယောက်ရဲ့ အပြုအမူဟာ လူမှုရေးအပြုအမူလား၊ ယဉ်ကျေးမှု ဆိုင်ရာအပြုအမူလား ဘယ်လိုခွဲခြားမလဲ။ ခွဲခြားလို့ရောရမလား။ လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ပြောရင် ဘယ်အရာကို ရွေးပြောမလဲ။ လူမျိုးကြီးရဲ့ ယဉ်ကျေးမှုပဲလား။ လူ့မျိုးစုတွေအားလုံးလား။ အဲ့ဒီလိုခွဲပြောလိုက်တာကလည်း ကိုယ်ပထမသိထားတဲ့ ယဉ်ကျေးမှုအမြင်တွေနဲ့ လိုက်လျောညီထွေမှုဖြစ်ရဲ့လားဆိုတဲ မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေတယ်။ ဒီမေးခွန်းတွေဟာ ယဉ်ကျေးမှုဆိုတာ ဘာပါရယ်လို့ မသတ်မှတ်ရသေးခင် ထွက်လာနိုင်သလို ယဉ်ကျေးမှုဆို ဘာဖြစ်ပါတယ်လို့ သတ်မှတ်ပြီး နောက်မှာမှ ထွက်လာနိုင်တယ်။

ကားမာ့ခ်စ်ကတော့ အဓိကအားဖြင့် ယဉ်ကျေးမှုဟာ ဘယ်လိုဖြစ်ထွန်းပေါ်ပေါက်လာတယ်။ ဘယ်လိုလည်ပတ်နေတယ်။ ဘယ်အရာတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းခံရတယ်ဆိုတာကို အိုက်ဒီယိုလိုဂျီရှု့ထောင်ကနေ စဉ်းစားပြီးတွေးတောတယ်။ တနည်းအားဖြင့် ကားမာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်က သူ့ရဲ့အိုက်ဒီယိုလိုဂျီအမြင်အပေါ်ကို အခြေခံပြီး ပေါက်ဖွားလာတာဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာကို ယဉ်ကျေးမှုလို့သတ်မှတ်လိုက်ရင်ဖြစ်စေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုရဲ့ အဓိပ္ပယ်ကိုဖွင့်ဆို လိုက်ရင်ဖြစ်စေ၊ သူနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို ထပ်မံတွေ့ရမှာဖြစ်တယ်။ ကားမာ့ခ်စ်ရဲ့တွေးက ယဉ်ကျေးမှုဆိုတာ လူတွေရဲ့ ဘ၀နေထိုင်မှု လမ်းကြောင်းဖြစ်တယ်လို့ ယေဘုယျသဘောမှတ်ယူထားပြီး အလုပ်လုပ်တယ်။ သူက အိုင်ဒီယိုလော်ဂျီကြောင့် ဘ၀နေထိုင်မှုလမ်းကြောင်း (၀ါ) ယဉ်ကျေးမှုပုံစံတွေဖြစ်လာတာလို့ မြင်တယ်။ ခက်တာက မာ့ခ်စ်ဝါဒနဲ့ ယဉ်ကျေးမှုအကြောင်းကို ပြောရင် ကားလ်မာ့ခ်စ်တစ်ဦးတည်းနဲ့ မပြီးဘူး။ စာမျက်နှာကလေးပေါ်မှာ မာ့ခ်စ်ရေးသားခဲ့တဲ့ စကားလုံးတွေကို အမျိုးမျိုး အနက်ပြန်ထားတဲ့ မာ့ခ်စ်ဝါဒရှု့ထောင့်အမြင်အမျိုးမျိုးရှိနေတယ်။ ကားလ်မာ့ခ်စ်တောင်မှ အစောပိုင်း မာ့ခ်စ်အမြင်နဲ့ နှောင်းပိုင်း မာ့ခ်စ်အမြင်တွေဆိုပြီးရှိသေးတယ်။ လူသားဆန်မှုနဲ့ သိပ္ပံပညာရှု့ထောင်က မာ့ခ်စ်အမြင်၊ ရုပ်ဝါဒဘက်က မာ့ခ်စ်အမြင်၊ အဆောက်အအုံဝါဒဘက်က မာ့ခ်စ်အမြင်၊ လီနင် မာ့ခ်စ်၊ နောက် မော်စီတုန်းမာ့ခ်စ်ဆိုတာမျိုးတွေအများကြီးပဲ။ အိုက်ဒီယိုလော်ဂျီ တွေလည်ပတ်လှုပ်ရှားရင်း ထိန်းချုပ်တည်ဆောက်ရင်း ဘ၀နေထိုင်မှုလမ်းကြောင်းဖြစ်သွားတယ်ဆိုတဲ့ နေရာမှာတောင် မာ့ခ်စ်ဝါဒီတွေ ယေဘုယျလက်ခံကြပေမယ့် အိုင်ဒီယိုလိုဂျီပေါ်ကို ကြည့်မြင်တာချင်း တစ်ဦးနဲ့ တစ်ဦး တစ်ဂိုဏ်နဲ့တစ်ဂိုဏ်ကွဲနေ တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် မာ့ခ်စ်ဝါဒဟာ ယဉ်ကျေးမှုပေါ်ကို နှံ့စပ်စွာ ရှင်းပြနိုင်တဲ့နေရာမှ ယခင်က လူမှုရေး၊ အဆောက်အအုံနဲ့ ယဉ်ကျေးမှုအမြင်တို့လို မနုဿဗေဒရှု့ထောင့်ကနေ ချဉ်းကပ်ချက်တွေလိုပဲ အများကြီးထည့်ဝင်ခဲ့တယ်လို့ ဆိုရမယ်။
မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအကြောင်းပြောရင် အိုက်ဒီယိုလိုဂျီအကြောင်းကနေပဲစပြီး ဆွဲထုတ်ရမှာပါပဲ။ မာ့ခ်စ်နဲ့ အိန်ဂျယ်တို့ ရေးခဲ့တဲ့ The German Ideology စာအုပ်ဟာ အဆောက်အအုံမာ့ခ်စ်ဝါဒ အော့သူဆာဟ်လူမျိုးကတောင် လူသားဆန်ပြီး ရှု့ထောင့်တစ်ခုတည်း သက်သက်ကနေကြည့်ထားတဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ စာအုပ်အဖြစ်ညွှန်းဆိုရတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ပေါ်ကို ရုပ်ကြမ်းမာ့စ်ဝါဒီအများစုက လျစ်လျူရှုခဲ့ကြတယ်။ နောက်ပိုင်း အော့သူဆာ့ဟ်တို့လို အဆောက်အအုံမာ့ခ်စ်ဝါဒီ တွေကျမှ အထူးတလည်ထားပြီး ပြန်လည်ဖော်ထုတ် ခဲ့ကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်မှန်သောသိပ္ပံနည်းကျ မာ့ခ်စ်ဝါဒ သဘောကို ပိုမိုထည့်ဝင်ထားတဲ့ စာအုပ်အဖြစ် ညွှန်းကြပါတယ်။ သိမှုပိုင်းဆိုင်ရာ ဖောက်ထွက်မှု Epistemological Otherness ကို ဒီစာအုပ်မှာတွေ့ကြလို့ပဲလို့ ဆိုကြပါတယ်။

မာ့ခ်စ်နဲ့ အိန်ဂျယ်က သူတို့ခေတ်ရဲ့ ဂျာမန်ယဉ်ကျေးမှုနဲ့ ဒဿနတွေကို ဆန့်ကျင်တုန့်ပြန်ကြတယ်။ ဒဿနအတွေးအခေါ် တွေက တကယ့်အရှိတရားတွေကိုဖုံးကွယ်ထားတယ်။ ပြီးရင် အဲ့ဒီဖုံးကွယ်နိုင်ဖို့ရာ ကားလ်မာ့ခ်စ်တို့အခေါ် အိုင်ဒီယိုလိုဂျီဆိုတဲ့ အရာကိုယူပြီး လွှမ်းမိုးပစ်တယ်။ မာ့ခ်စ်ရဲ့ အဆိုအရဆိုရင် အဲ့ဒီအိုင်ဒီယိုလိုဂျီတွေ အကုန်လုံးထဲမှာ လူနဲ့ သူ့ရဲ့ အခြေအနေတွေ ဟာ ကင်မရထဲမှာ ပြန်မြင်သလို ဇောက်ထိုးမိုးမျှော်နဲ့ ပြောင်းပြန် ပြန်မြင်နေရတာမျိုးလို့ ဆိုပါတယ်။ အိုင်ဒီယိုလိုဂျီဆိုတာ တကယ့်အစစ်အမှန်တရားကို ပြောင်းပြန်ဖြစ်သွားစေတဲ့ ကြေးမုံတစ်ချပ်လိုပဲလို့မြင်ပါတယ်။ ဒီလောကကြီးထဲမှာ ပဋိပက္ခတွေ အားလုံးကို လူတွေကျေနပ်သွားအောင်၊ အမှန်တရားလို့ မြင်လာအောင်၊ လွှမ်းမိုးကြီးစိုးတဲ့ လူတန်းစာဟာ သူတို့ကောင်းကျိုးရှိ စေမယ့်အရာကိုသာ အမှန်လို့မြင်လာအောင် သူတို့ရဲ့အိုက်ဒီယိုလိုဂျီက လုပ်ပေးနေတာပဲ။ သူက လိုလားနှစ်သက်ဖွယ်ရာ ပုံသဏ္ဍာန်မျိုးနဲ့ လာတတ်တယ်။ ကိုယ့်ကျင့်တရားလိုလို၊ ဘာသာရေးလိုလို၊ ကျိုးကြောင်းညီညွတ်ပုံပေါ်နေတဲ့ တက္ကိကဗေဒလို တာတက်တယ်လို့ မြင်တာဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ကိစ္စတွေအားလုံးထဲမှာ အိုက်ဒီယိုလိုဂျီက အရာအားလုံးကို သာမန်သဘာဝကိစ္စလို့ မြင်လာအောင် လည်ပတ်အလုပ်လုပ်ပေးနေတာလို့ မြင်တယ်။
လူတွေရဲ့ ဘ၀နေထိုင်ပုံလမ်းကြောင်း (၀ါ) ယဉ်ကျေးမှုပုံစံဟာ ဒီလိုအိုက်ဒီယိုလိုဂျီတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရတယ်။ နောက်တစ်ခုက ထုတ်လုပ်မှုနဲ့ စီးပွားရေးအခြေခံတွေကြောင့်လည်း ယဉ်ကျေးမှုဆိုတာဖြစ်ပေါ်လာသလို ပြောင်းလဲနေတယ်လို့ မြင်တယ်။ မာ့ခ်စ်ရဲ့အဆိုအရဆိုရင် အခြေခံအဆောက်အအုံတို့၊ အပေါ်ထပ်အဆောက်အအုံတို့ ဖက်စပ်မှုကြောင့်လို့လဲ ပြောရင် ဖြစ်နိုင်တယ်။ ဒါကြောင့် ယဉ်ကျေးမှု၊ ဘ၀နေထိုင်မှုလမ်းကြောင်းဆိုတာက အမြဲတမ်းလွှမ်းမိုးကြိုးစိုးဆဲ လူတန်းစားထဲက သူတို့ရဲ့အကျိုးအမြတ်အတွက် ပုံဖော်ထားတာလို့ မြင်ကြည့်လို့ရတယ်။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှု Culture reprentations တွေရဲ့ နောက်မှာ အဲ့ဒီလို အိုက်ဒီယိုလိုဂျီတွေဟာ လွှမ်းမိုးပို့ချနေတဲ့အခါ လူတွေကလည်း အဲ့ဒီပုံစံထဲမှာ နေရင်း ယဉ်ကျေးမှုဆိုတာမျိုးဖြစ်လာတယ်လို့ ယူဆတယ်။ အဲ့ဒီကနေတဆင့် လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား အမျိုးမျိုး၊ အမှန်၊ အမှားအမျိုးမျိုးကို ကိုယ်စားပြုပေးတော့မှာဖြစ်တယ်။ မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်မှာ ရောယှက်ပေးနေတဲ့ အမြင်တွေထဲမှာ အဓိကအားနည်းချက်က လူတန်းစား Class အပေါ်ကို အသားပေးလွန်းတယ်။ လူတန်းစားကိုလည်း အသေသတ်မှတ်ထား တယ်။ ပြီးတော့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်ကို အခြေခံအဖြစ်ထားလွန်းတယ်။ ဘယ်လိုပဲဖြစ်ပါစေ မာ့ခ်စ်ဝါဒအမြင်ကနေ ကြည့်တဲ့ ယဉ်ကျေးမှုအမြင်ဟာ ယဉ်ကျေးမှုထဲမှာ အမှန်တကယ် လှုပ်ရှားလည်ပတ်နေတဲ့ အရာတွေ၊ ကိုယ်စားပြုတွေ၊ ယဉ်ကျေးမှုပြောင်းလဲပုံတွေကို လေ့လာနိုင်တဲ့ နည်းလမ်းတစ်ခုပဲလို့ ဆိုလို့ရနိုင်ပါတယ်။
လူဆိုတ လူတွေက ဖန်တီးတည်ဆောက်ထားတဲ့ အတည်ဆောက်ခံလောကရဲ့ ဗဟိုချက်တစ်နေရာမှာပဲ ရပ်တည်ရှင်သန်နေ ရတာပါ။ လူသားက လူ့အဖွဲ့အစည်းထဲ ရှင်သန်လာပြီဆိုတာနဲ့တပြိုင်နက် သူ့စာရင်းက လူတွေတည်ဆောက်ထားတဲ့ ကိုယ်ကျင့် တရားအမြင်တွေ၊ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ အရာတွေကို သင်ယူလိုက်နာရပါတယ်။ သူ့အရင်ကလူတွေ အဲ့ဒီ အရာတွေကို ဘယ်လိုဖန်တီးခဲ့ကြတာလဲ။ အေသင်မြို့ရဲ့ဆုံးဖြတ်ချက်တွေကို တောင်ကုန်းတစ်ခုပေါ်စုဝေပြီး တစ်မြို့လုံးရဲ့ ဆန္ဒကောက်ယူပြီး ဆုံးဖြတ်ခဲ့တာလား။ မဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် တစ်ဦးစ၊ နှစ်ဦးစကနေ သဘောတူညီမှု Agreement လုပ်နေရင်းကနေ အားလုံးဆီ ပျံ့နှံ့သွားပြီး အားလုံးက အလိုလျှောက် လိုက်နာကျင့်သုံးခဲ့ကြတာလား။ ဒါမျိုးက ပိုပြီးတောင် မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းက လူသားတွေရဲ့ ယုံကြည်မှုဟာ အထက်ပါအတိုင်းဖြစ်ပေါ်လာတာလို့ လူတွေထင်လာစေလောက်အောင် လွှမ်းမိုးကြိုးစိုးသူရဲ့ ပြဌာန်းချက်တွေ လုပ်ထားတာပါပဲ။ မာ့ခ်စ်ဝါဒအမြင်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေ၊ ယဉ်ကျေးမှုဆိုတာတွေဟာ လွှမ်းမိုးကြီးစိုးသူတွေရဲ့ အိုက်ဒီယိုလိုဂျီကြောင့် သာတင်မကဘူး။ သဘာဝတရားအလိုအရ အလိုလိုဖြစ်ပေါ်လာတယ်ထင်အောင်ကို လုပ်နေတာ။ အိုင်ဒီယိုလိုဂျီရဲ့ ပင်ကိုစွမ်းအား ကိုက ဒီလိုဆိုလောက်နိုင်တဲ့သတ္တိထူးရှိနေတယ်လို့ မာ့ခ်စ်ဝါဒီတွေက မြင်ပါတယ်။
ကားမာ့ခ်စ်ပြီးတဲ့နောက် မာ့ခ်စ်ဝါဒလမ်းကြောင်းထဲကနေပြီး ဖြစ်လာတဲ့ လူးကပ်စ် ဂဟွန်ချီ၊ ဂိုးလ်မင်း၊ ဘင်ဂျမင်း၊ ရေမွန်ဝီလျံတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေကိုပါပြောဖို့ လိုပါမယ်။ ယဉ်ကျေးမှုကနေ လူတန်းစားအလွှာခွဲခြားသွားပုံအကြောင်းတွေ ပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒအမြင်ကိုပဲ အခြေခံရပါမယ်။ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်မှု Culture Production အကြောင်း၊ အထူးသဖြင့် အော့သူဆာ့ဟ်၊ ဖရင့်ဖကျောင်းတ်ေတို့အကြောင်းပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒဆီ လှည့်ရတာပါပဲ။ အခုကားလ်မာ့ခ်စ်နဲ့ အိန်ဂျယ်ပြီးရင် အမြဲလိုလို ပညာရှင်တွေက သူတို့ရဲ့နောက်မှာကပ်ထားတဲ့ လူးကပ်စ်ရဲ့ အမြင်အချို့ကို ပြောရပါ့မယ်။ မာ့ခ်စ်ဝါဒကနေ နောက်ပိုင်းမာ့ခ်စ်ဝါဒ နှောင်းပိုင်းအမြင်တွေအထိ လမ်းကောင်းခွဲကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရသ၊ စာပေသဘောတရားကျမ်းတွေအားလုံးမှာ မာ့ခ်စ်ဝါဒအမြင်တွေပြီးရင် ဂျော့လူးကပ် ဒါမှမဟုတ် ဖရင့်ဖကျောင်းတော်ကိုပဲ ကောက်ကြောင်းဆွဲပြတာကို တွေ့ရပါမယ်။
လူးကပ်စ်က ဟန်ဂေရီနိုင်ငံသာဖြစ်ပြီး ဟန်ဂေရီနိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူဖြစ်ပေမယ့် သူ့ရဲ့ပညာရေးကတော့ ဂျာမန်မှာ အခြေတည်ဖြစ်ထွန်းလာတာဖြစ်ပါတယ်။ လူးကပ်စ်က ယဉ်ကျေးမှုဆိုတာကို ဘာလို့မပြောတော့ပါဘူး။ သူဟာ မာ့ခ်စ် ၀ါဒလမ်းကြောင်းထဲမှာ ရှင်သန်ကြီးပြင်းလာသူဖြစ်တဲ့အတွက် အိုက်ဒီယိုလိုဂျီနဲ့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်တွေက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေကို ထုတ်လုပ်တယ်ဆိုတာကို လက်ခံပြီးသားပါ။ ဒါကြောင့် လူးကစ်နဲ့ ယဉ်ကျေးမှုပတ်သက် သမျှဟာ အဓိကအားဖြင့် စာပေသဘောတရားကို အခြေခံနေတယ်လို့ဆိုရလို့ရပါ့မယ်။ စာပေအနုပညာကို စိစစ်ဖို့ကြိုးစားတာဟာ ယဉ်ကျေးမှုတွေ လညပတ်အလုပ်လုပ်ပုံနဲ့ ထိတွေ့နေတာပါပဲ။ စာပေဆိုတာကို သူတို့ဟာ ယဉ်ကျေးမှုထုတ်ကုန်အဖြစ်မြင် ထားတာပဲ။ လူးကပ်စ်ရဲ့အမြင်က အနုပညာ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုတာ လုံးဝခွဲခြားလို့မရလောက်အောင် တသားတည်းဖြစ် နေတာလို့ ယူဆပါတယ်။
ရသကိုခံစားတက်တဲ့စိတ်ဟာ ယဉ်ကျေးမှုနဲ့အများကြီးဆက်စပ်နေတယ်။ အနုပညာနဲ့ ဒဿနမှာတွေ့ရတဲ့ သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ ပတ်သက်တဲ့အမြင် သင်္ကေတမျိုးမဟုတ်ဘူး။ သဘောက သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ပတ်သက်တဲ့ လောကအမြင်တစ်ခုကို ရှု့ထောင်တစ်ခုခုက ဆန်းသစ်ပြီး ပြောပြနေတာမဟုတ်ဘူး။ သရုပ်မှန်ဝါဒဆိုတာ သူ့ကိုယ်၌က လောကကြီးနဲ့ တသားတည်းကျအောင် ခြယ်မှုန်းပြနေတဲ့ အမြင်မျိုးပဲ။ ဒါကိုတော့ လူးကပ်စ်ရဲ့ အသုံးမှာ ထင်ဟပ်ပေါ်လွင်နေ တယ်။ တနည်းအားဖြင့် လောကကြီးကို ထင်ဟပ်ပြ Reflect တယ်လို့သုံးပါတယ်။ တကယ်က ထင်ဟပ်ပြသတယ်ဆိုတဲ့နေရာ မှာတော့ လောကကြီးကနေ ကင်းလာပါပြီ။ ထင်ဟပ်ပြသနေတာမဟုတ်သလို ရှု့ထောင့်တစ်ခုခုကနေပြီး ထင်ဟပ်ပြနေတာ လည်းမဟုတ်ပါဘူး။ သူကိုယ်၌က လောက်ကြီးနဲ့ တသားတည်းကျပြီး ခြယ်မှုန်းပြနေတဲ့သဘောရှိနေပါတယ်။ လောကကြီး ထဲမှာက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေ လွှမ်းမိုးမှုတွေနဲ့ အရာရာအားလုံးကို ပုံဖျက် Distortion လုပ်ထားတယ်။ သရုပ်မှန်ဝါဒရဲ့ အလုပ်က လူသားတွေဟာ သဘာဝအရင်းခံကို မြင်လာအောင်လုပ်တာပါ။ ဒါကြောင့်လည်း လူးကပ်စ်က သရုပ်မှန်ဝါဒဟာ လူအများစုကြားထဲမှာ တညီတညွတ်တည်း သတ်မှတ်ထားတဲ့ဟန်တစ်ခုမဟုတ်ဘူးလို့ ဆိုတာပါ။ သူက ဒီအယူအဆတွေကိုင်စွဲပြီး မော်ဒန်စာပေကို အတ္တအဓိက၀ါဒအဖြစ်ထိုးနှက်တာပါ။ သူ့အမြင်မှာ အရေးပါတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သမိုင်းဆိုင်ရာ အခြေအနေတွေပေါင်းစုစည်းမှုထဲမှာ လူသားရဲ့ တကယ့်အခြေအနေမှန်ကို သိဖို့လိုတယ်လို့ မြင်တဲ့အချက်ဖြစ်ပါတယ်။ ဒီလိုပေါင်းစုစည်းမှုထဲက လူမှုဆက်သွယ်ရေးပုံစံတွေ Social Relation ဟာ လူးကပ်စပ်ရဲ့ ယဉ်ကျေးမှုအမြင်လို့ ဆိုရမှာဖြစ်ပါတယ်။
မင်းခက်ရဲ
http://apmyat.com/

Read More...

Wednesday, August 25, 2010

Che Guevara and the Guerrilla FOCO

Read More...

အခြေခံနိုင်ငံရေးသိပ္ပံ


နိုင်ငံရေး အတွေးအ
ခေါ်နှင့် သဘောသဘာဝများ အပိုင်း (၇)

အရစ္စတိုတယ်လ် (Aristotle) (384-322BC)


Name : Aristotle

Birth : 384 BC

Death : March 7th, 322 BC

School/ Tradition : Inspired the Peripatetic school and tradition of Aristoteliansm

Main interests : Politics, Metaphysics, Science, Ethics

Notable ideas : The golden mean, Reason, Logic, Biology, Passion

Influences : Parmenides, Socrates, Plato
Influenced : Alexander the great, Avicenna, Averroes, St. Thomas Aqunas, most of western philosophy and science

အရစ္စတိုတယ်လ်သည် ပလေတို၏ တပည့်ဖြစ်သည် ... ။ သို့သော် ... ဆရာပလေတို၏ အယူအဆတိုင်းကိုမူ လက်မခံ ခဲ့ပေ ... ။ ပလေတိုကဲ့သို့ ... အတွေ့အကြုံလောကကို မစစ်မှန်ဟူ၍ မငြင်းဆိုခဲ့ပေ ... ။ သို့ရာတွင် ... လူတို့သည် စစ်မှန်သော အသိပညာကို ရရှိနိုင်ရန်အတွက် အာရုံသိကိုသာ အခြေခံ၍မရကြောင်း တင်ပြခဲ့သည် .... ။

အာရုံလောက၌ဖြစ်ပေါ်နေသော ... အဖြစ်အပျက်တို့သည် ... အဘယ်အကြောင်းကြောင့် ... ဖြစ်ပေါ်နေသည်ကို သိရှိမှသာလျှင် လူတို့သည် စစ်မှန်သော အသိပညာကို ရရှိလာမည်ဟု ဆိုပါသည် ... ။

အရစ္စတိုတယ်လ် နောက်ပိုင်း၌ ... ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်များကမှု ... အာရုံသိကိုပို၍ ဦးစားပေး ခဲ့ကြသည် ... ။ အက်ပီကျူးရီးယက် (Epicurus) အလိုအရ အာရုံငါးပါးသာလျှင် စစ်မှန်သော အသိပညာ ကိုပေးနိုင်သည် ... ။ စတိုးဝစ် (The Stoics) အနေဖြင့်လည်း အက်ပီကျူးရီးယက် ကဲ့သို့ပင် အာရုံသိကိုသာ အလေး ထားခဲ့ကြသည် ... ။

အရစ္စတိုတယ်လ်၏ ထင်ရှားသော နိုင်ငံရေးဟောပြောချက်မှာ "Man is by nature a political animail.

Basic Political Science Part (9)

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၉)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၆)

တည်ထောင်သူ
Plato (BC- 428~328) ဂရိအတွေးအခေါ်ပညာရှင်

လူမျိုး
ဂရိလူမျိုး၊ အနောက်တိုင်းအတွေးအခေါ်ပညာရှင်၊ ဆိုကရေးတီးစ်၏ တပည့်ဖြစ်သည်။

Name : Plato
Birth : BC 428 – 427 BC, Athens
Death : BC 348 – 347 BC, Athens
School/ Tradition : Platonism
Main interests : Rhetoric, Art, Literature, Epistemology, Justice, Virtue, Politics, Education, Family, Militarism
Notable ideas : Platonic realism.

ပလေတို၏အာရုံသိနှင့် ဆင်ခြင်သိဆိုင်ရာအယူအဆ
ပလေတိုသည် ၄င်း၏ဆရာ ဆိုခရေးတီး(စ်) တင်ပြခဲ့သော ... အယူအဆများကို ချဲ့ထွင်၍ ပိုမိုစနစ်ကျသော သိမှုဗေဒဆိုင်ရာ သီအိုရီတခုအာရုံသိ ... ၊ ဆင်ခြင်သိတို့နှင့် ... ပတ်သက်၍ သူရေးသားခဲ့သော (The Theaetus) နှင့် (The Republic) ဆွေးနွေးခန်းများ၌ အောက်ပါအတိုင်း သုံးမျိုးခွဲခြားခဲ့သည် ... ။ ၄င်းတို့မှာ

၁)မသိခြင်း (Ignorance)
၂)ထင်မြင်ချက် (Opinion)

၃)အသိပညာ (Knowledge) ဟူ၍ ဖြစ်ပါသည်။


မသိခြင်း (Ignorance)

မသိခြင်း ဟူသည်မှာ လုံးဝ မသိနားမလည်ဘဲ ဖြစ်နေသော အခြေအနေကို ဆိုလိုသည် ... ။ မရှိအဖြစ်ကို ဆောင်နေသော အခြေအနေ ဖြစ်သည်ဟု ပလေတိုက ဆိုပါ၏ ... ။ တနည်းဆိုသော် မသိခြင်း (Ignorance) ဆိုသည်မှာ အမှန်တရားကို မသိဘဲ ဖြစ်နေရုံမက မှားသော အသိများကိုပင်လျှင် မသိရှိ မခံစားနိုင် ဖြစ်နေသည်ဟု ပလေတိုက ယူဆခဲ့ပါသည် ... ။ ထို့ကြောင့် မသိခြင်းဟူသော ... အဖြစ်သည် မရှိခြင်း (not being) ဟူသော ... အခြေအနေနှင့် အတူတူပင် ဖြစ်သည်ဟု ယူဆခဲ့လေသည် ... ။

ထင်မြင်ချက် (Opinion)

ထင်မြင်ချက် ဆိုသည်မှာ ... အာရုံသိဖြင့် သိလာသော အသိများကို ဆိုလိုခြင်းဖြစ်၏ ... ၎င်းသည်မသိခြင်း (Ignorance) ကဲ့သို့ ... မှားသောအသိများကိုပင် လုံဝမသိဘဲ ဖြစ်နေသော အခြေအနေမဟုတ် ... ။ ထို့ကြောင့် မရှိခြင်း (not being) သဘောကို ဆောင်နေသည်ဟု မဆိုနိုင်ပေ ... ။ သို့ရာတွင် စစ်မှန်သော အသိပညာ ကိုပေးနိုင်စွမ်း မရှိသေးပေ ... ။ တို့ကြောင့် ၎င်းသည်ရှိခြင်း (Being) သဘောကို ဆောင်လျှက်ရှိသည်ဟု မဆိုနိုင်ပြန်ပါ ... ။ သို့ဖြစ်၍ ပလေတို၏ အလိုအရ အာရုံသိဖြင့် သိရှိလာသော အသိတို့သည် မသိရှိဘဲဖြစ်နေခြင်း (Ignorance) နှင့် စစ်မှန်သောအသိပညာကို ရရှိလာခြင်း (Knowledge) တို့ အကြားတွင် ဖြစ်ပေါ်နေသော အသိများသာလျှင် ဖြစ်နေပေသည် ... ။

အသိပညာ (Knowledge)

အသိပညာ ဟူသည်မှာ ... အမှန်တကယ် ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာခြင်းသည် ... ။ တနည်းဆိုသော် ... အမှန်တကယ် ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကို သိလာခြင်း ဖြစ်သည် ... ။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကို ဆောင်ရွက်လျှက် ရှိသည်ဟု ပလေတိုက ခံယူတင်ပြခဲ့၏ ... ။

ပလေတို၏ အလိုအရ စစ်မှန်သော ... အသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ်ရမည် ... ။ (Knowledge must be infallible) ထို့ပြင် ... အမှန်တကယ် ရှိနေသော ... အစစ်အမှန်တရား (Reality)ကို ဖေါ်ပြသော အသိပညာမျိုး ဖြစ်ရမည် ... ။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ်မှသာလျှင် စစ်မှန်သော ... အသိပညာ (Knowledge) ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည် ... ။

Basic Political Science Part (8)

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၈)
နိုင်ငံရေးအတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း(၅)

နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၃) တွင် ပလေတို၏ နည်း (၂) နည်းထဲမှ ပထမဆုံး နည်းဖြစ်သော ....

ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) ကို တင်ပြပြီးနောက် ယခုလက်ရှိ အပိုင်း(၄)တွင် ဆက်လက်တင်ပြမည့် အကြောင်းအရာကတော့ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) ပဲ ဖြစ်ပါတယ် ... ။

The Method of Speculation
တွေးခေါ်မြော်မြင်နည်း

တွေးခေါ် မြော်မြင်နည်းတို့မှာ ... တွေးဆချက် (Hypothesis)နှင့် ပတ်သက်သော ၎င်း၏ အမြင်အပေါ်တွင် ... အခြေခံလျှက် တင်ပြထားခြင်း ဖြစ်သည် ... ။ ဤနည်းသည် သဘာဝသိပ္ပံများ၌ ယနေ့ ထက်တိုင်အောင်ပင် အသုံးပြု လျှက်နေရသော နည်းဖြစ်သည်ဟု မျက်မှောက် အတွေးအခေါ်ပညာရှင်များက ခံယူထားကြပါသည် ... ။ ၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation) ဟူ၍ ခေါ်ဆို သက်မှတ်လာကြသည် ... ။

ဆိုကရေးတီးစ်၏ အလိုအရ အရှိလောက၌ ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစား သိရှိနိုင်မည် မဟုတ်ပေ ... ။ အာရုံသိသည် ၀ိသေသ အသိများကိုသာ ပေးစွမ်းနိုင်ရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘူယျ သဘောတရားကို ပေးစွမ်းမရှိပေ ... ။

အထက်ဖေါ်ပြပါ နည်းနှစ်မျိုးအနက်မှ ... ပထမနည်းဖြစ်သော ... ခွဲခြမ်းစိတ်ဖြာနည်းအား ဆိုကရေးတီးစ်နည်း၊ တနည်းအားဖြင့် ... (Socrates Method) ဟူ၍ အများအားဖြင့် ခေါ်ဆို ရည်ညွန်းခဲ့ကြပါသည် ... ။ အမှန်အားဖြင့် ဆိုကရေးတီးစ် အသုံးပြုခဲ့သော ... သိပုံသိနည်းမှာ တမျိုးတစားတည်း မဟုတ်ဘဲ ... နှစ်မျိုးနှစ်စားရှိကြောင်း အသုံးပြုခဲ့ ကြောင်းအား အထူး မှတ်သားရန် ဖြစ်သည် ... ။

အထက်ပါ နည်းနှစ်မျိုးနှစ်စလုံးကို ... ဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးစ်သည် အာရုံသိထက် ဆင်ခြင်သိကို ပို၍ ဦးစားပေးခဲ့သော တွေးခေါ်ပညာရှင် တဦးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည် ... ။ ထိုသို့ ဦးစားပေးတွေး ခေါ်ခဲ့သောကြောင့် ၎င်း၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့် သိခြင်း သဘောတရားသည် မှေးမှိန်းသွားပြီး ဆင်ခြင် သိခြင်း သဘောတရားများ ပိုမို ကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည် ... ။

ထို့ကြောင့်ပင် ပလေတိုသည် ဆင်ခြင်သိဖြင့် တွေးခေါ်ခြင်းအား ... တဘက်စွန်းသို့ ရောက်သည် တိုင်အောင် ဦးစားပေး ခဲ့သောကြောင့် ဤလောကကိုပင် စစ်မှန်သောလောက မဖြစ်နိုင်ကြောင်း ငြင်းဆို လာခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ ဆိုကရေးတီးစ် နည်းများသည် ၎င်းမတိုင်မီ ပေါ်ပေါက်ခဲ့သော ဂရိ တွေးခေါ်ရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ တွေးခေါ်တင်ပြထားသော နည်းများဖြစ်သည်ဟု ... ပညာရှင်များကဆိုပါ၏။

Basic Political Science Part (7)

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၇)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၄)

တည်ထောင်သူ
Socrates (BC 470~399) ဂရိအတွေးအခေါ်ပညာရှင်


လူမျိုး
ဂရိလူမျိုး၊ အနောက်တိုင်းအတွေး


အဓိကဖေါ်ထုတ်ချက်
ကိုယ်ကျင့်သိက္ခာ၊ ဆင်ခြင်တုံတရား


Name - Socrates
Birth - ca. 470 BC
Death - 399 BC
School/ Tradition - Classical Greek, Socratic School
Main interests - Epistemology, Ethics
Notable ideas - Socratic Method, Socratic irony
Influences - Anaxagoras, Parmenides, Prodicus, Diotima
Influenced - Plato, Aristotle the rest of Western Philosophy
Socrates Method ဆိုကရေးတီးစ်၏ ခွဲခြမ်းစိတ်ဖြာနည်း...။

ဆိုကရေးတီးစ်၏ အဆိုအရ ... လူသားများအနေဖြင့် စစ်မှန်သော အသိပညာ ရှိနိုင်သည် ... ။ လူသည် မိမိ၌ ရှိသော ဆင်ခြင်ဥာဏ်ကို မှန်မှန်ကန်ကန် အသုံးချတတ်လာလျှင် မိမိကိုယ်တိုင်၏ သဘောသဘာဝကို လည်းကောင်း ... ၊ မိမိကို ၀န်းရံနေသော စကြာဝဠာကြီး၏ သဘော သဘာဝကို လည်းကောင်း ... ဓမ္မဓိဌာန်ကျကျ ... သိမြင် နားလည် လာမည်ဟု ... ခံယူတင်ပြခဲ့၏ ... ။

ထိုသို့လျှင် စစ်မှန်သော ... အသိပညာကို ရရှိနိုင်ရန်အတွက် ဆိုကရေးတီးစ်က နည်းသစ် (၂)မျိုးကို တင်ပြခဲ့ပါသည် ... ။ ၄င်းတို့မှာ-


တမျိုးမှာ ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) နှင့်
နောက်တစ်မျိုးမှာ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်သည် ... ။



ခွဲခြမ်းစိတ်ဖြာနည်း The Method of Analysis

ခွဲခြမ်းစိတ်ဖြာနည်းသည် ... အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် ပတ်သက်သည့် ၎င်း၏ အမြင်အပေါ်တွင် အခြေခံထားသော နည်းဗေဒ ဖြစ်သည် ... ။ ဤနည်းအားဖြင့် အရစ္စတိုတယ်က ... ခြုံယူဆင်ခြင်မှု အခြေပြုဟု အဓိပ္ပါယ် ဖွင့်ဆိုနည်း (Inductive Definition) ဟု ခေါ်ဆိုခဲ့သည် ... ။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ ... အကြွင်းမဲ့ စစ်မှန်နေသော ယေဘူယျ သဘောတရားတခု (Concept) ကို သိရှိလာရန် ရည်ရွယ်သည် ... ။

ဥပမာအားဖြင့် ... လူတို့သည် ဝေါဟာရတခုကို အနက်အဓိပ္ပါယ် အမျိုးမျိုးဖြင့် အသုံးပြုလေ့ ရှိကြသည် ... ။ ထိုကဲ့သို့ ကွဲပြား ခြားနားစွာ သုံးစွဲနေသောကြောင့် ၎င်းဝေါဟာရ (သို့) ၎င်း သဘောတရားနှင့် ပတ်သက်၍ အငြင်းပွားမှု အမျိုးမျိုး ... ဖြစ်ပေါ်လာစေသည် ... ။ သို့နှင့် ... စစ်မှန်သော အသိကို မသိဘဲ ဖြစ်နေသည်ဟု ဆိုပါသည် ... ။

ဆိုကရေးတီးစ်၏ ... အလိုအရ ဤသို့လျှင် ... တယောက်တမျိုးစီ အနက်ဖွင့်နေကြမည်ဆိုပါက ... အမျိုးမျိုးသော သဘောတရားများသာ ... ဆောင်နေပေလိမ့်မည်။ ၎င်းအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ... ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက ... ၎င်းတို့ထက် သာလွန်သော ... ၊ စစ်မှန်ပြီး ၎င်းတို့အားလုံး အကျုံးဝင်လျှက်ရှိသော ယေဘူယျ သဘောတရား တခုကို ... မုချ ရရှိ လာမည်ဟု ခံယူခဲ့သည် ... ။

တနည်းဆိုရသော် ... လူသားတဦးချင်း၏ တခုစီတခုစီသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာလာ ရာမှတဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches) အမည်ရှိသော ... အပြန်အလှန်ဆွေးနွေးချက် (Dialogue) တွင် ... ဆိုကရေးတီးစ်ကိုယ်တိုင် ဤနည်းကို အသုံးပြုခဲ့ကြောင်း တွေ့ရပါသည် ... ။ ဤဆွေးနွေးချက်တွင် ဆိုကရေးတီးစ်ကိုယ်တိုင် ... အမှန်တကယ် ပါဝင်ခဲ့၍ ၎င်းဖေါ်ပြလာသော နည်းဗေဒနှင့် အယူအဆများသည် ... ဆိုကရေးတီးစ်၏ နည်းဗေဒနှင့် အယူအဆများဖြစ်သည်ဟု ... သုတေသီများက ခံယူထားပါသည် ... ။

ဤဆွေးနွေးချက်များ၌ ရဲ့ရင်ခြင်း (Courage)နှင့် ပတ်သက်၍ ဆိုကရေးတီးစ်က ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်သုံးသပ်ခဲ့သည် ... ။ သို့သော် ... ရဲ့ရင်ခြင်းနှင့် ပတ်သက်၍ စစ်မှန်သော အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဤအခန်းထဲ၌ ဆိုကရေးတီးစ်ကိုယ်တိုင် မဖြေကြားခဲ့ပေ ... ။ သို့သော် ... ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ဆိုကရေးတီးစ် ခံယူခဲ့သော အမြင်သည် ... ပလေတိုရေးသားခဲ့သော (The Republic) တွင် ရဲရင့်ခြင်းနှင့် ပတ်သက်၍ ၎င်းအမြင်သည် ပေါ်လွင်ထင်ရှား လာခဲ့ပေသည် ... ။

"ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး၏ အလိုအရ ... "ရဲရင့်ခြင်း" ဟူသည်မှာ ... "အသိပညာ" ပင်ဖြစ်သည်။ (Courage is Knowledge) ဖြစ်၏ ... ။ "

Basic Political Science Part (6)

အခြေခံ နိုင်ငံရေးသိပ္ပံ အပိုင်း (၆)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၃)


ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်

လူကို တန်ဖိုးထား တွေးခေါ်တတ်သော ကွန်ဖြူးရှပ်သည် နိုင်ငံရေးဆိုင်ရာ ပြဿနာရပ်များကိုလည်း လူမှုဆက်ဆံရေး ရှုထောင့်မှ သုံးသပ် ရှုမြင်လေ၏ ... ။ လူ့အဖွဲ့အစည်း၏ အခြေခံမှာ ဖခင် အုပ်ချုပ်သော မိသားစုဖြစ်၏ ... ။ နိုင်ငံဆိုသည်မှာ မိသားစုကို တိုးချဲ့ထားခြင်းသာ ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆ၏ ... ။

ကွန်ဖြူးရှပ်က နိုင်ငံတော် အစိုးရသည် တိုင်းသူ ပြည်သားများအပေါ် ကောင်းကျိုးချမ်းသာ ရရှိနိုင်စေရန် ကြိုးစား အားထုတ်ရမည် ... ။ ထိုသို့သော အစိုးရသည် စွမ်းရည်ရှိသူများဖြင့် ဖွဲ့စည်းထားသော အစိုးရမျိုး ဖြစ်ရမည် ... ။ စွမ်းရည်ရှိနိုင်ရန် မိဘမျိုးရိုးအပေါ် အခြေမခံဘဲ အကျင့်စာရိတ္တနှင့် အသိပညာပေါ်တွင် အခြေခံရမည် ... ။ အသိပညာနှင့် စာရိတ္တကောင်းမွန်းရေးမှာလည်း သင့်တော်သောပညာ သင်ကြားလေ့လားရေးတွင် အခြေခံသည် ဟုဆိုပါသည် ... ။

ကွန်ဖြူးရှပ်၏ နိုင်ငံရေး အတွေးအခေါ်သည် ၎င်း၏ ကိုယ်ကျင့်တရား၊ အယူအဆနှင့် မိရိုးဖလာ ထုံးတမ်း စဉ်လာတို့တွင် အခြေခံထားကြောင်း တွေ့ရ၏ ... ။ အုပ်စိုးသူများသည် ကောင်းသော အကျင့် စာရိတ္တ ရှိခြင်းနှင့် အသိပညာ ရှိခြင်းသည် အောင်မြင်သော အစိုးရ အဖွဲ့အစည်းအတွက် အဓိက လိုအပ်ချက်ပင် ဖြစ်သည် ... ။

ကွန်ဖြူးရှပ်၏ အဆိုအရ ... အုပ်ချုပ်သူတွင် အောက်ပါ အခြေခံ တာဝန်ဝတ္တရား (၉) ရပ်ကို ထမ်းဆောင် ရမည်ဟုဆို၏ ... ။

1. မိမိ၏ အကျင့် စာရိတ္တကို အမြဲတစေ ကောင်းမွန်အောင် ပျိုးထောင်နေရမည်။
2. အရေးပေးထိုက်တဲ့သူကို အရေးပေးရမည်။
3. မိမိ၏ ဆွေမျိုးသားချင်းများအား ချစ်ခင် မြတ်နိုးရမည်။
4. ၀န်ကြီးများအား ရိုသေ လေးစားရမည်။
5. အရာရှိ အရာခံ အားလုံး၏ ကောင်းကျိုးအတွက် အရေးတယူ ဂရုပြုရမည်။
6. တိုင်းသူပြည်သား သာမန် ပြည်သူများအား ဖခင်သဖွယ် ဂရုပြုရ စောင့်ရှောက်ရမည်။
7. အသုံးဝင်သော လက်မှု ပညာရပ်များ အားလုံးကို တိုးတတ်အောင် အားပေး ချီးမြှင့်ရမည်။
8. နိုင်ငံခြား တိုင်းတစ်ပါးသားများကို ပျူငှာစွာ ဆက်ဆံရမည်။
9. အိမ်နီးနားချင်း နိုင်ငံများမှ မင်းညီမင်းသားများနှင့် မိတ်ကောင်း ဆွေကောင်းသဖွယ် ဆက်ဆံရမည် ဟူ၍ ဖြစ် သည်။

ကွန်ဖြူးရှပ်က-

အုပ်ချုပ်သူသည် မိမိ၏ အကျင့်စာရိတ္တ ကောင်းမွန်အောင် အမြဲတစေ ပြုစုပျိုးထောင်ရမည် ဟူသော အချက်သည် အလွန်မှပင် အရေးကြီးပါသည် ... ။ အဘယ့်ကြောင့်ဆိုသော် ဤသို့ ပြုစု ပျိုးထောင်မှသာ အုပ်ချုပ်သူ အနေနှင့် မိမိ၏ အကျင့် စာရိတ္တအားဖြင့် မိမိ အရာရှိ အရာခံများနှင့် မိမိ၏ တိုင်းသူ ပြည်သားများအတွက် စံပြဖြစ် ပေလိမ့်မည် ... ။

ထို့ပြင် အစိုးရကောင်းတို့တွင် ပြည်သူ ပြည်သားတို့၏ စားဝတ်နေရေး လိုအပ်ချက်များကို ပြည်စုံ လုံလောက် အောင် ဆောင်ရွက်ပေးရမည် ... ။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်အင်အား လုံလောက်စွာ ထားရှိရမည် ... ။ အုပ်ချုပ်ရေးတွင် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်ရမည် ... ။ တကြိမ်၌ ကွန်ဖြူးရှပ်၏ တပည့်တယောက်ကမှ ၎င်းအား နိုင်ငံကို အုပ်ချုပ်ခွင့် ရရှိပါက မည်သည့် အရာကို ဦးစွာ ဆောင်ရွက်ရမည်နည်းဟု မေးသောအခါ

ကွန်းဖြူရှပ်က ... "ပထမဦးစွာ ပညက်များကိုပြင်ဆင်ရမည်ဟုဆိုကာ "ပညက်ပြင်ဆင်မှုဆိုင်ရာသအိုရီ " ကို တင်ပြခဲ့လေ၏

ပညက်ပြင်ဆင်မှုဆိုင်ရာသီအိုရီ
Rectification Names Theory

ပညက်တိုင်းသည် ... ၎င်းရည်ညွန်းသော အရာ၏ အနှစ်သာရကို ဖော်ညွန်းသည် ... ။ ဆိုလိုသည်မှာ ပညက်နှင့် တကယ့် ဖြစ်စဉ်အကြားမှာ ကိုက်ညီမှုရှိရမည် ... ။ အုပ်ချုပ်သူသည် အုပ်ချုပ်သူဟူသော ပညက်ဖေါ်ညွန်းသည့် ဂုဏ်အရည်အချင်းကို ပိုင်ဆိုင်ရမည် ... ။ သို့မှသာ စစ်မှန်သော အုပ်ချုပ်သူဖြစ်၍ အုပ်ချုပ်သူဟူသော ဂုဏ်အင်္ဂါနှင့် ကိုက်ညီပေမည် ... ။

Basic Political Science Part (5)

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၅)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၂)

ကိုယ်ကျင့်တရားပညာ

ကွန်ဖြူးရှပ်၏၀ါဒတွင် ... ကိုယ်ကျင့်တရားများကို ... အခြေခံ၍ လေ့လာ ဆွေးနွေးထားကြောင်း ... တွေ့ရပါသည်။ ကွန်ဖြူးရှပ်သည် မိမိနေထိုင်သော ခေတ်ကာလ တရုတ်ပြည်ကြီးတွင် ... ကျိုမင်းဆက် ပျက်သုန်းပြီးနောက် ... ဗဟိုချုပ်ကိုင်မှုစနစ် မရှိတော့ဘဲ ... မြို့စားနယ်စားများသည် ... သူတလူငါတမင်းဖြင့် ... အားပြိုင်သော ... အာဏာလုနေသော ... အချိန်ဖြစ်လေရာ ... တိုင်းသူပြည်သားတို့သည် ... ဒုက္ခအပေါင်းနှင့် ရင်ဆိုင် ကြရလေသည်။ ကိုယ်ကျင့်တရား ... ပျက်ဆီးနေသော အချိန်ကာလလည်း ... ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို ပြုပြင်ပြောင်းလဲ လိုသော ... ကွန်ဖြူးရှပ်သည် ကိုယ်ကျင့်တရားများကို အခြေခံ၍ ... တွေးခေါ် ဟောပြောထားသည်မှာ ... အချိန်အခါနှင့် တထပ်တည်း ကျစွာဖြင့် ... ဖြစ်သင့် ဖြစ်ထိုက်သည့်အပြင် ... လွန်စွာမှလည်း သဘာဝကျလှပေသည်။

ကွန်ဖြူးရှပ်၏အလိုအရ ... လူ့ဘောင်အဖွဲ့အစည်း ... ကောင်းမွန်စေရန် လူတဦးချင်းစီ၏ ကိုယ်ကျင့်တရား ... ကောင်းမွန်ရေးသည် ... အလွန်အရေးကြီးသည်ဟု ... ယူဆ၏။ လူ့အဖွဲ့အစည်းအတွင်း ... နေထိုင်ကြသော လူသားတို့သည် ... အချင်းချင်း ... ဆက်ဆံရာတွင် တရုတ်ဘာသာအားဖြင့် (Jen) ဟုခေါ်သော ...လူသားစိတ် (သို့မဟုတ်) လူလူချင်း ... စာနာစိတ်ရှိရမည်ဟု ... ဆိုပါသည်။

ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်အမြင်တွင် (Jen) သည် ... (Human Heartedness) လူသားစိတ်ထား ...(Yi)(Righteousness) ဖြောင့်မတ်ခြင်းသဘော ... (Li) (Ritual)သည် ... ပူဇော်ပသခြင်း၊ (Chih) (Wisdom) အသိပညာစသည့် ... သဘောတရားများကို ... လက်ခံထားကြောင်း ... တွေ့ရသည်။

(Hsin) (Good Father or Sincerety) ကောင်းသော ... ယုံကြည်မှုဟူသော ... အယူအဆကို ... ကွန်ဖြူးရှပ်၏ နောက်လိုက်များက ... ထပ်မံ ဖြည့်စွတ်ထားခြင်း ဖြစ်၏။ ကွန်ဖြူးရှပ်အနေနှင့် ... (Jen) (Yi) (Li) and (Chih) ဟူသော ... ကောင်းမြတ်ခြင်းတရား (၄) မျိုးကိုသာ ... တင်ပြခဲ့ပါသည်။

ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင် (Jen) ဟူသော ... ကောင်းမြတ်ခြင်း တရားသည် အဓိက ဖြစ်ပါ၏။ (Jen) ဟူသော ... ကောင်းမြတ်ခြင်း တရားသည် (Hsiao) (Filial Platy) မိဘကို ... ကိုးကွယ် ရိုသေခြင်း (Ti) သည် ညီအကိုတို့၏ ချစ်ခြင်းဟူသော ... သဘောတရားတွင် အခြေခံသည်။ (Hsiao) ဟူသော ... မိဘကို ကိုးကွယ် ရိုသေမှုတွင် ... မိမိခန္ဓာကိုယ်ကို မပျက်မဆီး၊ အကျိုးမယုတ်အောင် ကာကွယ် စောင့်ရှောက် ခြင်းသည်လည်း ... မိဘကို ကိုးကွယ် ... ရိုသေ ... သက်ရောက်သည်ဟု ... ဆိုပါသည်။

အဘယ်ကြောင့်ဆိုသော် ... မိမိခန္ဓာကိုယ်သည် မိဘထံမှ ရရှိထားခြင်းကြောင့် ဖြစ်၏။ မိမိ ကြီးပွားတိုးတတ် အောင် ဆောင်ရွက်ခြင်းဖြင့် ... မိမိ၏ မိဘ မျိုးအမည်ကို .. ထင်ပေါ် ကြော်ကြား စေခြင်းသည်လည်း ... မိဘကို ရိုသေသမှု ... ပြုရာရောက်သည်ဟု ... ဆိုပါသည်။ ဤတွင် ... မိဘတို့ကို ကိုယ်စိတ်နှစ်ပါးစလုံး ... ချမ်းသာအောင် ပြုစုရမည်ဟူသော သဘော ... သက်ရောက်ပေသည်။

မိဘများကွယ်လွန်ပြီးနောက် ... မိဘတို့၏ ... အထမမြောက်ခဲ့သော ... ရည်မှန်းချက်များသည် မိမိ၏ရည်မှန်းချက်များ...ဖြစ်လာရပါမည်။ ... ဤအချက်သည်မိဘများကွယ်လွန်ပြီးနောက် မိဘကိုရှိးခိုးပူဇော်ခြင်းထက်... ပို၍အရေးကြီးသည်ဟု ... ကွန်ဖြူးရှပ်ကဆိုပါသည်။

မိဘတို့အားကိုးကွယ်ရိုသေခြင်းတည်းဟူသော ... ကောင်းမြတ်ခြင်းထက် ... တရားလေ့ကျင့်ရာမှာ (Ti) ...ဟူသော... ညီအကိုတို့၏ ... ချစ်ခြင်းဟူသော ... ကောင်းမြတ်ခြင်းတရားကိုရရှိမည်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ... မိဘကိုချစ်ခင်ရိုသေရာမှ ... ညီအကိုမောင်နှမများကိုလည်း ... ချစ်ခင်ရိုသေတတ်လာမည် ... ဖြစ်ပေသည်။ ဤသို့သော... ချစ်ခြင်းမေတ္တာတရား၏... လမ်းညွှန်ချက်အရ ... အပြုအမူသည် (Jen) အရ ...ပြုမူခြင်း ဖြစ်ပေသည်။ ဤသို့အားဖြင့် (Hsiao) (Ti) တို့ကို ... လေ့ကျင့်ရာမှ (Jen) ဟူသော ... ကောင်းမြတ်ခြင်းတရားကို ရရှိမည်ဟု... ဆိုပါသည်။

ကွန်ဖြူးရှပ်သည် ... (Jen) နှင့် (Yi) အပြင် (Li)ကိုလည်း ... သူ၏ ... ကိုယ်ကျင့်တရားအမြင်တွင် လက်ခံထားလေသည်။ ကွန်ဖြူးရှပ်၏ ... ကိုယ်ကျင့်တရား ... အမြင်တွင် တွေ့ရသော (Li) သည် ဘာသာရေးတွင် ... ပူဇော်ပသခြင်းဆိုင်ရာ ... စည်းမျဉ်း စည်းကမ်းများ လုပ်ထုံး လုပ်နည်းများဟူသော ... ကျယ်ဝန်းသည့် အဓိပ္ပါယ်ကိုဆောင်၏။

ဥပမာအားဖြင့်... မိဘများသည်... သားသမီးတို့အပေါ်... ချစ်မေတ္တာထားရမည်။ သားသမီးများကလည်း မိဘကိုချစ်ခင်ရိုသေကြရမည်။ ... ညီငယ်များသည်အကိုများကိုရိုသေရမည်။ ... အကိုများကလည်းညီငယ်များ ကိုချစ်ခင်ကြရမည်။ မိတ်ဆွေအချင်းချင်း ... သစ္စာရှိရမည်။ တိုင်းသူပြည်သားများသည် ... အုပ်ချုပ်သူများကို ရိုသေလေးစားရမည်။ အုပ်ချုပ်သူများကလည်း ... တိုင်းသူပြည်သားများအပေါ်... ဂရုဏာ မေတ္တာ ထားကြရမည်။

ကွန်ဖြူးရှပ်သည် ... (Li)ကို ... အလေးအမြတ်ထားခြင်းအားဖြင့်လူသားတို့၏ စာရိတ္တ ကောင်းမွန်ရေးကိုသာမက ယဉ်ကျေးမှု ... ရှိရန်ကိုလည်း ... အလေးထားကြောင်း ... တွေ့ရ၏။ တဦးတယောက်သောသူသည် ဖြောင့်မတ်စွာ ... ကျင့်ကြံရမည် သာမက အခြေအနေနှင့် ... လျှော်ကန်သင့်မြတ်သော ... အပြုအမူကိုလည်း ယဉ်ကျေးသိမ်မွေ့စွာ... ပြုမူတတ်ရပေမည်။ ကွန်ဖြူးရှပ်အလိုအရ (Jen) (Yi) (Li) တို့ကို ... သိရှိနားလည်ရန် လိုသည်။ (Jen) ကိုသိမှသာ (Yi) နှင့် (Li)ကို ... သိရှိနားလည်မည်။ ထိုနည်းအတိုင်းပင် (Yi) နှင့် (Li) ကိုသိမှသာ... ၎င်းနှင့်ပတ်သက်သော... သဘောသဘာဝကို ... နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်... အသိပညာ .. လိုအပ်ကြောင်း ... ဟောပြောခဲ့ပါသည်။

ကွန်ဖြူးရှပ်သည် (Chin) အသိဟူသော ... ကောင်းမြတ်ခြင်းတရားကိုလည်းလက်ခံထားလေသည်။ ကွန်ဖြူးရှပ်အလိုအရ (Jen) (Yi) (Li) တို့ကိုသိရှိနားလည်မည်။ ထိုနည်းအတိုင်းပင် (Yi) နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို ... နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ... အသိပညာလိုအပ်ကြောင်း ... ဟောပြောခဲ့ခြင်းဖြစ်ပါသည်။

ကွန်ဖြူးရှပ်သည် ... လူ့ကိုယ်ကျင့်တရား ... ကောင်းမွန်ခြင်းအပေါ် ... အခြေခံ၍ ... ယင်းခေတ်တွင် ... ပျက်စီး ယိုယွင်းနေသော ... လူမှုရေးနှင့် ... နိုင်ငံရေး အခြေအနေများကို ... ပြုပြင်ပြောင်းလဲရာတွင် ... ဇွဲလုံ့လမလျှော့ဘဲ ဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါသည်။ ဤတွင်... ကွန်ဖြူးရှပ်သည် ... မည်သည့် ... အကျိုး မျှော်လင့်ချက်မှ မရှိဘဲ (Doing for Nothing) ပြုလုပ်ခြင်းဟူသော ... သဘောကို ... လက်ခံထားလေသည်။ (Doing for Nothing) သည် ... တာအိုဝါ ဒီတို့ လက်ခံထားသော (Doing Nothing) ဘာမျှမလုပ်ခြင်းနှင့် ... မတူညီပေ။ (Doing Nothing) ဘာမျှမလုပ်ခြင်းဟူသော ... တာအိုဝါဒီတို့၏ အယူအဆကို ... ကွန်ဖြူးရှပ်က ... လက်မခံပေ။ သူ၏အဆိုအရ ... လူတိုင်းဘာမျှမလုပ်ခြင်းဟူသည် ... မဖြစ်နိုင်။ ပြုသင့်ပြုထိုက်၍ ... ပြုလုပ်သင့်သော အလုပ်များရှိလေသည်။ သို့သော်... ပြုလုပ်သင့်သောအလုပ်များကို ... ပြုလုပ်ရာ၌ ... မည်သည့်အကျိုးကိုမျှ မျှော်ကိုးခြင်းမပြုရ။ ပြုလုပ်သင့်သော ... အလုပ်များကို ... ပြုလုပ်ခြင်းသည်ပင်... တန်ဖိုးရှိလေသည်။

အဘယ်ကြောင့်ဆိုသော်... မိမိပြုလုပ်သော ... အပြုအမူသည် ... အကျိုးရှိမရှိ၊ အောင်မြင်မှုရ/မရဆိုသည်မှာ ကံကြမ္မာအရပင်ဖြစ်၏။ ကွန်ဖြူးရှပ်အလိုအရ (Ming) သည် ... ကောင်းကင်ဘုံ၏ ... စီရင်ဆုံးဖြတ်ချက်အတိုင်း ဖြစ်လိမ့်မည်။ “ကျွန်ုပ်တို့ဆောင်ရွက်ချက်များ၏ အောင်မြင်မှုအတွက် (Ming) သည် ... ကျွန်ုပ်တို့၏ လက်ထဲ၌ မရှိပေ” ဟုဆိုပါ၏။

ထို့ကြောင့် ... အောင်မြင်မှု/မအောင်မြင်မှုတို့အတွက် ... ပူပင်သောက ... ရောက်နေစရာမလို။ ပြုသင့်ပြုထိုက် လုပ်သင့်လုပ်ထိုက်သည်ကိုသာလုပ်ခြင်းသည် ... (Ming) သိခြင်းဖြစ်၏။ ၎င်းကို ... နားလည်သိရှိခြင်းသည် မြင်ြ့မတ်သောသူတစ်ယောက်ဖြစ်ရေးအတွက် ... အရေးကြီးသော လိုအပ်ချက် ဖြစ်သည်ဟု ... ဆိုပါသည်။

(Ming) ကိုသိရှိခြင်းဖြင့် .. မျက်မှောက်ကမ္ဘာကြီး၏အခြေအနေသည် ... မလွဲမသွေ ... သဘောဆောင်ကြောင်း အသိအမှတ်ပြုမည်ဖြစ်၍ ... မိမိဆောင်ရွက်ချက်များသည် ... အောင်မြင်မှု ရှိ/မရှိ ဂရုပြုမည် ... မဟုတ်ပေ။ ဤသို့ ဆောင်ရွက်ချက်မျိုးသည် ... မည်သည့်အခါမျှ ဆုံးရှုံးခြင်း မရှိဟု ... ဆိုနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ... ကျွန်ုပ်တို့သည် ... တာဝန်ဝတ္တရားများကို ... ဆောင်ရွက်ပြီးဖြစ်၍ အောင်မြင်သည်ဖြစ်စေ .... မအောင်မြင်သည်ဖြစ်စေ၊ ကိုယ်ကျင့်တရားအရ ... ကျွန်ုပ်တို့၏တာဝန်ကျေပြီး ဖြစ်ပေသည်။ ထိုအောင်မြင်မှု၊ ဆုံးရှုံးမှုတို့အတွက်... စိတ်ပူပင်သောက မရှိသောကြောင့် ... ပျော်ရွှင်မှုကို ရနိုင်မည် ... ဖြစ်သည်။

ကွန်ဖြူးရှပ်က (မန့်) ဆိုသည်မှာ -
၁။ ပညာရှိသောသူများသည် သံသယမှကင်း၏။
၂။ ကောင်းမြတ်သော သူများသည် ပူပင်သောကကင်း၏။
၃။ ရဲရင့်သော သူများသည် ကြောက်ရွှံ့ခြင်းမှကင်း၏။
၎။ မြင့်မြတ်သော သူများသည် အစဉ်ပျော်ရွှင်ရ၏။
၅။ သေးနုပ်သော သူများမှာမူ အစဉ်အမြဲစိတ်ဆင်းရဲရ၏၊ ဟူ၍မိန့်ဆိုခဲ့ပါသည်။

Basic Political Science Part (4)

အခြေခံနိုင်ငံရေးသိပ္ပံ
အပိုင်း (၄)

နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၁)

တည်ထောင်သူ - Kong Fu Tzu(孔夫子)
အမည် - Kung Qiu,(…)or Kung Chin or Master Kung
လူမျိုး - တရုတ်လူမျိုး၊ - အရှေ့တိုင်းအတွေးအခေါ်ပညာရှင်
Shang မင်းဆက် မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်၊
ခေတ် -Zhou Era

အဓိကဖေါ်ထုတ်ချက်
အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံ့အကျိုး၊ လူဘောင်အကျိုးကိုရည်ရွယ်ခဲ့။


The Chinese philosopher Confucius (551-471 BC)
ကွန်ဖြူးရှပ်ဝါဒဟု ခေါ်တွင်ပါသည်။ စတင် တည်ထောင်သူမှာ ... တရုတ်လူမျိုး (Kong Qiu) ဖြစ်သည်။ လွန်ခဲ့သော ခရစ်မပေါ်မီ (BC-551~471) အတွင်း ... ပေါ်ထွန်းခဲ့သော အယူအဆဖြစ်ပြီး ... နိုင်ငံရေး အတွေးအခေါ်အားဖြင့် ... ကမ္ဘာရှေးအကျဆုံးဟု သမိုင်း အထောက်အထားများ အရ ယူဆရပါသည်။ ဖေါ်ထုတ်ခဲ့သော သူ၏အမည်ကို အဆွဲပြု၍ ... ကွန်းဖြူးရှပ်ဝါဒ ဟု ... ခေါ်ဆိုပါသည်။

ကွန်ဖြူးရှပ်သည် နိုင်ငံရေးအယူအဆနှင့် ပတ်သက်၍ သူ၏အမြင်ကို ... ဖေါ်ထုတ်ရာမှာ ကမ္ဘာ၌ပထမဦးဆုံး ဖေါ်ထုတ်ခဲ့သူ တစ်ဦးထဲ၌ အပါအ၀င် ဖြစ်သည့်အပြင် ... မျက်မှောက် ခေတ်တိုင်အောင် သူ၏အယူအဆများကို လက်ခံ အမီပြုထားကြပါသည်။ ကွန်ဖြူးရှပ်၏အဆိုအရ -

`အုပ်ချုပ်သူတယောက်ဟာ ... မိမိမှချမှတ်ထားသော ... စည်းမျဉ်းစည်းကမ်းတွေကို မိမိကိုယ်တိုင်လည်း လိုက်နာသင်ယူရန် ... ဖြစ်သည် ဆိုတာကို ... စွဲစွဲမြဲမြဲ ... ယုံကြည်ထားရပါလိမ့်မည်´

Confucius {Kong Qiu, September 28, (BC-511~471~479)

ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့အခါ ... ထိတွေ့ဆက်ဆံတဲ့အခါ ... ကိုယ်ရဲ့သွေးချင်း သားရင်းလို၊ ကိုယ်နဲ့ ... သက်ဆိုင်သူအဖြစ် မေတ္တာတရားနဲ့ ပြုမှုရမယ်လို့ ... ကွန်ဖြူးရှပ်က ဥပမာပေး ... တင်ပြထားပါသည်။

ကွန်ဖြူးရှပ်၏ လူ့ဘ၀နှင့် ဒဿနအမြင်

ကွန်ဖြူရှပ်သည် ... လူနှင့် လူသားတို့ ကျင်လည်နေကျသော လူ့ဘောင် အဖွဲ့အစည်းကြောင်းကို ... အလေးထား တွေးခေါ်ခဲ့လေသည်။ ၎င်း၏ ... အတွေးအခေါ်တွင် လူသားတို့နှင့်သာ သက်ဆိုင်သော လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရား ... စသည်တို့ကိုသာ လေ့လာ ဆွေးနွေး တင်ပြထားကြောင်း တွေ့ရသည်၊ ကွန်ဖြူရှပ်သည် ... လူသားတို့၏ ပင်ကိုယ် သဘောသဘာဝမှာ ကောင်းသည် ... ဆိုးသည် ဟူသော ... ပြဿနာကိုမှုကာ ... ဆွေးနွေးခဲ့ခြင်း မရှိပေ။ လူသဘာဝနှင့် ပတ်သက်၍ ကွန်ဖြူရှပ်က လူတို့သည် အနှစ်သာရအားဖြင့် တူညီမှု ရှိကြသည်ဟု ... ဆိုခဲ့ပါသည်။

ကွန်ဖြူရှပ်နေထိုင်ခဲ့သော ခေတ်အချိန်ကာလ၌ ... မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူများသာ ... အကျင့် စာရိတ္တ မည်သို့ပင် ရှိစေကာမူ ... မြင့်မြတ်သော သူများဖြစ်သည်ဟု ... ထိုခေတ်အခါ၌ ယူဆ ထားကြလေသည်။ ဤအယူအဆကို ကွန်ဖြူရှပ်က ... ပထမဆုံး ဆန့်ကျင် တော်လှန်ခဲ့လေသည်။ ကွန်ဖြူရှပ်၏ အယူအဆမှာ မည်သူမဆို အကျင့်စာရိတ္တ ကောင်းမွန်ပါက လူကြီးလူကောင်း ... မြင့်မြတ်သူ ဖြစ်နိုင်သည်ဟု ... ဆိုပါသည်။

သူသည် ... ဆင်းရဲမှုနှင့်လည်း ... တွေ့ကြုံခဲ့ရဘူးသည်။ ထို့ကြောင်လည်း ဆင်းရဲသားတို့၏ ဘ၀ကိုလည်း ... စာနာ နားလည်ခဲ့ရပါသည်။ မူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ... မူးမတ်တို့၏ ဘ၀ကိုလည်း သိမြင် နားလည်ခဲ့လေသည်။ ကွန်းဖြူးရှပ်သည် မူးမတ်တို့ကို ... စက်ဆုတ် ရွံ့ရှာ၏။ မူးမတ်တို့သည် မည်သည့် ... အလုပ်ကိုမျှ မယ်မယ်ရရ ... လုပ်ကိုင်ကြခြင်းမရှိဘဲ ... ပျင်းရိစွာ ... နေထိုင်ကြသည့်အပြင် ... စည်းဇိမ်ကျစွာ ... နေထိုင်ရရေးကိုသာ ... အမြဲတစေ ... ကြံစည် နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ... စည်းဇိမ်ကြစွာ နေထိုင်နိုင်ရေးအတွက် ... ပြည်သူ ပြည်သားတွေအပေါ် အခွန်တိုးကောက်ခံစေခြင်း ... အဓမ္မ ခိုင်းစေခြင်း ... စစ်ဆင် တိုက်ခိုက်ခြင်း ... စသည် တို့ကိုသာ ပြုလိုခြင်းဖြင့် ... အချိန်ဖြုန်းကြ၏။

ထိုလုပ်ရပ်များကြောင့် ... ပြည်သူ ပြည်သားတို့မှာ အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်ရ၏။ ထို့ကြောင့် ကွန်ဖြူးရှပ်သည် ... မူးမတ်မျိုးသာလျှင် ... လူကြီးလူကောင်း ဖြစ်သည်ဟူသော ... အယူအဆအား လက်မခံဘဲ တော်လှန်ခဲ့ခြင်း ... ဖြစ်ပါ၏။

ကွန်ဖြူးရှပ်၏ သဘောအရ ... လူတိုင်းလူတိုင်းသည် ... ပင်ကိုယ် သဘောသဘာဝ တူညီသည်ဖြစ်ရာ တစ်ဦး တစ်ယောက်သောသူသည် ... ကိုယ်ကျိုးမကြည့် ... တရားမျှတ၍ ... သနား ကြင်နာတတ်သော သူဖြစ်လျှင် လူကြီးလူကောင်း ... ဖြစ်သည်။ ထို့ကြောင့် ... မွေးဇာတိက အဆုံးအဖြတ်မပေး ... အကျင့်စာရိတ္တက အဆုံးအဖြတ် ပေးသည်ဟု ကွန်းဖြူးရှပ်က ဆိုပါ၏။

ကွန်ဖြူးရှပ်က လူသားအားလုံးသည် ... အတူတူပင် ဖြစ်သည်ဟု ဆိုသည်သာမက ... လူတို့သည် ... တဦး တယောက်တည်း နေ၍မရဘဲ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေထိုင်ကြရသည်ဟု ... ဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ ... သဘောအရ လူဟူသည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ်သည်ဟု ... ဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့် ကင်းကွာ၍ မတည်ရှိနိုင်။ လူသားတို့ အပြုအမူ အကျင့်အကြံတို့သည် လည်းကောင်း ... လူ့ဘောင် အဖွဲ့အစည်း ဟူသည်လည်းကောင်း... လူသား အချင်းချင်း ... အပြန်အလှန် ... ဆက်ဆံနေထိုင်ခြင်းသာ ... ဖြစ်သည်။

ထို့ကြောင့် .. လူသည် လူဘောင် အဖွဲ့အစည်းမှ ခွဲထွက်၍ ... တသီးပုဂ္ဂလ ... နေထိုင်ခြင်းသည် မသင့်လျှော်သကဲ့သို့ ... အများစုလုပ်ကိုင်သကဲ့သို့ ... အများစုလုပ်ဆောင်သည့်အတိုင်း ... လိုက်၍ ပြုလုပ် ဆောင်ရွက်ခြင်းသည်လည်း ... မသင့်လျှော်ပါချေ။ အများစု .. လက်ခံသော ထုံးဓလေ့များသည် ... ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေလျှက် လည်းကောင်း ... အကျင့်သီလကို ... ပျက်ပြားစေလျှက်လည်းကောင်း ... ယင်းထုံးဓလေ့များကို ... လိုက်နာခြင်း ... မပြုသင့်ဘဲ ပြုပြင်ပြောင်းလဲရန် ... ကြိုးစားရမည်ဟု ... ဟောကြားခဲ့ပါသည်။

ကွန်ဖြူးရှပ်၏ အလိုအရ လူသားတို့၏ အချင်းချင်း ဆက်ဆံရေးတွင် လိုက်နာအပ်သော ... စည်းမျဉ်းများသည် အခြားအရာများတွင် ... အရင်းမခံဘဲ လူသားတို့၏ ပင်ကိုယ် ... အတွင်းသဘော၌ အရင်းခံသည်ဟု ... ဆိုပါသည်။ လူသားတစ်ယောက်အား ... လူဟု သတ်မှတ်နိုင်ခြင်းသည် ထိုလူသား၏ အတွင်းသဘော လူသား၏ စိတ်ထားကြောင့် ... ဖြစ်သည်ဟုဆို၏။ လူသားစိတ်ထားအရ ... ကျင့်ကြံဆက်သွယ် ပျော်ရွှင်မှုကို ... ရရှိနိုင်မည်ဖြစ်သည်။

လူသားစိတ်ထား (Jen) သည် လူသားအချင်းချင်း ဆက်သွယ်ရာတွင် ထိန်းကြောင်း ... လမ်းညွှန်မှု ... ပြုသည့် သဘောဖြစ်သည်။ ဤသို့ဖြင့် ... ကွန်ဖြူးရှပ်သည် လူသားတို့ အပြုအမူ၏ ... လမ်းညွှနှ်းုပြုသည့် သဘောတရားကို သဘာဝတွင်လည်းကောင်း၊ သဘာဝလွန်အင်အား ... နတ်ဘုရားတွင်လည်းကောင်း ... ရှာဖွေခြင်းမပြုဘဲ လူသားတို့၏ ... အတွင်းသဘောတွင်သာ ... အခြေခံခြင်းဖြစ်၍ လူသားတို့ကို အလေးအမြတ်ထားကြောင်း ... တွေ့ရ၏။ ဆိုလိုသည်မှာ လူသာပဓာနဖြစ်၏။

ဤလူသားစိတ်ထား (Jen) သည် ... ကွန်ဖြူးရှပ်၏ အတွေးအခေါ်တွင် ... အခြေခံတရားဖြစ်ပြီး ...၎င်းတရားမှ ၎င်း၏ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများကို ... ဆင်ခြင်ဆွဲယူထားကြောင်း ... တွေ့ရ၏။ တဦးတယောက်သောသူသည် ... လူသားစိတ်ထားရှိပါက ယင်းလူသားသည် ပြီးပြည့်စုံသော ကောင်းမြတ်ခြင်း တရားကို ရရှိပြီး ... ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆထားခဲ့ပါ၏။

Basic Political Science Part (3)

အခြေခံ နိုင်ငံရေး သိပ္ပံ
အပိုင်း (၃)

International Political Systems
Form of Governments

1. Anarchism မင်းမဲ့ဝါဒ
2. Aristocracy (The rule by the Best) အကောင်းဆုံးလူများကအုပ်ချုပ်ခြင်း
3. Authoritarianism အာဏာပိုင်များကြီးစိုးသောဝါဒ
4. Autocracy သက်ဦးဆံပိုင်အာဏာရှင်စနစ်
5. Communist State ကွန်မြူနစ်ဝါဒဖြင့်အုပ်ချုပ်သောနိုင်ငံ
6. Democracy (demo, Kratos) ပြည်သူလူထုမှအုပ်ချုပ်ခြင်း
A. Direct Democracy
B. Representative Democracy
7. Despotism ဆွေစဉ်မျိုးဆက်ကောင်းစားရေးဝါဒ
8. Dictatorship အာဏာရှင်ဝါဒ
9. Fascism လူမျိုးကြီးဝါဒ
10. Feudalism ကံကြွေးချစနစ်(မြေရှင်ပဒေသရာဇ်)
11. Hierocracy (Rule by the Priests) ဘာသာရေးဘုန်းကြီးများမှအုပ်ချုပ်ခြင်း
12. Kleptocracy (Rule by the Thieves) သူခိုး၊ ဒမြများမှအုပ်ချုပ်ခြင်း
13. Kritarchy (Rule by the Justice) ဘာသာရေးအဆုံးအမများအပေါ်အခြေခံ၍ အုပ်ချုပ်ခြင်း
14. Krytocracy (Rule by the Judges) တရားသူကြီးများကအုပ်ချုပ်ခြင်း
15. Meritocracy (Rule by the Ability) လူစွမ်းကောင်းပုဂ္ဂိုလ်မှအုပ်ချုပ်ခြင်း
16. Monarchy သက်ဦးဆံပိုင်ဘုရင်စနစ်
A. Absolute Monarchy အကြွင်းမဲ့သက်ဦးဆံပိုင်
B. Constitutional Monarchy စည်းမျဉ်းခံဘုရင်စနစ်
17. Ochlocracy (Rule by Mob) လူဆိုးသောင်းကျန်းသူများကအုပ်ချုပ်ခြင်း
18. Oligarchy (Rule by the Elite) ကျော်ဇောထင်ရှားသောသူများကအုပ်ချုပ်ခြင်း
19. Plutocracy (Rule by wealth) ချမ်းသာသောသူများကအုပ်ချုပ်ခြင်း
20. Republic ပြည်သူလူထုမှအုပ်ချုပ်သောစနစ်


A. Mixed Government ဘုရင်စနစ်နှင့်မျက်မှောက်စနစ်တို့ပေါင်းစပ်အုပ်ချုပ်ခြင်း
B. Constitutional Republic ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံခေါင်းဆောင်အား ပြည်သူများမှ တိုက်ရိုက် (သို့မဟုတ်) လူထုကိုယ်စားလှယ်များရွေးချယ်၍ အာဏာခွဲဝေမှုနှင့် ကန့်သတ် တားမြစ်မှု များအားပြဌာန်း၍ အုပ်ချုပ်ခြင်း
C. Parliamentary Republic ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာကိုကန့်သတ်၍ ပြည်သူ လူထုမှရွေးချယ်တင်မြှောက်လိုက်သော လူထုကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များမှ
လည်းကောင်းတို့ ပါတီ၏ခေါင်းဆောင်အားဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း။
D. Socialist Republic ပြည်သူ့ဆိုရှယ်လစ်အရင်းရှင်
E. Capitalist Republic ဆိုရှယ်လစ်အရင်းရှင်

21. Single Party State တပါတီကြီးစိုးသောစနစ်
22. Thalassocracy အင်ပါယာစနစ်
23. Theocracy ဘာသာရေးနှင့် နိုင်ငံအုပ်ချုပ်ရေးအားတွဲစပ်အုပ်ချုပ်ခြင်း
24. Timocracy (Rule by the honor) (Rule by the wealth)
25. Totalitarianism ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အကြွင်းမဲ့အာဏာပိုင်စနစ်
26. Tyranny မင်းစိုးမင်းညစ်

အထက်ပါစနစ်များသည် ဤကမ္ဘာပေါ်ရှိဒေသအသီးသီးတို့၌ ကျင့်သုံးအုပ်ချုပ်ခဲ့ကြသော၊ ဆက်လက်ကျင့် သုံးအုပ်ချုပ်နေဆဲဖြစ်သော နိုင်ငံအုပ်ချုပ်ရေးစနစ်များဖြစ်ကြပါသည်။

လိုအပ်ပါကဖြည့်စွက်ပေးရန်
အထက်၌ဖေါ်ပြခဲ့သော နိုင်ငံရေးစနစ်များအားလေ့လာ၍မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများကို လေ့လာဆန်းစစ်၍ မိမိလက်လှမ်းမီရာနိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်ပေါ်ခဲ့ သောအခြေအနေများနှင့် ဖြစ်ပေါ်ဆဲအခြေအနေများကို ပြန်လည်၍ သုတေသနပြုရန်လိုအပ်ပါသည်။
ဤသို့သုတေသနပြုရာ၌ ဓမ္မဓိဌာန်ကျကျသုတေသနပြုမှသာ (သို့မဟုတ်) မည်သည့်အပေါ်၌မျှ အစွဲမရှိဘဲ သုတေသနပြုမှသာအားနည်းချက်၊ အားသာချက်များကို ပီပြင်စွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်။

နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကိုဝေဖန်ဆန်းစစ်ရာ၌ တိုးတတ်နေသောနိုင်ငံများနှင့် ဆင်းရဲမွဲတေ လျှက်ရှိသောနိုင်ငံများဟူ၍ အကြမ်းအားဖြင့်သိသာမြင်သာစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အောက် ဖေါ်ပြပါမေးခွန်းများသည် စိတ်ဝင်စားဖွယ်အဖြစ်၎င်း၊ ပြန်လည်စဉ်းစားသုံးသပ်ရန် အဖြစ်၎င်း ဖေါ်ပြထားပါသည်။

1. မိမိတို့နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် မည်သည့်အမျိုးအစားဖြစ်သနည်း။
2. မျက်မှောက်အုပ်ချုပ်ရေးစနစ်အား မည်သို့ထူထောင်ခဲ့သနည်း။
3. ဆင်းရဲခြင်းသည် မျက်မှောက်အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသလား။

မှတ်ချက်
1. ဂျပန်နိုင်ငံ၌ မြေယာသည် မြန်မာပြည်ထက်နည်းပါသည်။
2. ဂျပန်နိုင်ငံ၌ အလွယ်အကူသစ်ပင် မစိုက်ပျိုးနိုင်ပါ။
3. စိုက်ချင်သည့် အပင်အား စိုက်လို့မရနိုင်ပေ။
4. အသီးစားပြီး အစေ့လွှင့်ပစ်လိုက်ရုံနှင့်အပင်မပေါက်နိုင်ပေ။
5. စိုက်ပျိုးမြေ၏ မြေဆီလွှာများကို အမြဲတမ်းပြုပြင်နေကြရပါသည်။
6. သဘာဝသယံဇာတအားဖြင့် သဲနှင့်ကျောက်စရစ်ဘဲရှိပါသည်။
သို့သော် ကမ္ဘာ၌အချမ်းသာဆုံးနိုင်ငံများ၌ တနိုင်ငံဖြစ်ပေသည်။

အဘယ်ကြောင့်နည်း။
သင်မည်သို့ယူဆပါသနည်း။

Basic Political Science Part (2)

အခြေခံနိုင်ငံရေးသိပ္ပံ
အပိုင်း (၂)

နိုင်ငံရေးသီအိုရီ (Political Theories)

နိုင်ငံရေးနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆများသည် အခြေခံအားဖြင့် လူတို့၏ စားဝတ်နေမှု၊ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စသဖြင့်နေ့တဓူဝ တွ့ကြုံဖြတ်သန်းနေရသော အခြေအနေများဖြစ်၏။ ထိုမှတဖန် ပိုမိုကျယ်ပြန့်လာ မိသားစု အခြေအနေမှ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့တိုင်း နိုင်ငံမှတဆင့် ကမ္ဘာနှင့်အ၀န်း ကျယ်ပြန့်စွာ ဆက်စပ်လျှက်ရှိနေသော အခြေအနေများထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါးအပေါ် ဗဟိုပြု၍ ချဲ့ထွင် စဉ်းစားခဲ့ကြပါ၏။ ထို့ကြောင့်ပင် နိုင်ငံရေး အတွေးအခေါ်များသည် အခြေခံအားဖြင့် အောက်ပါအချက်အလက် အခြေအနေများအပေါ် အခြေခံကျကျ မှုတည်၍ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများကို ထုတ်ဖေါ် တင်ပြလာခဲ့ခြင်း ဖြစ်၏။


1)နိုင်ငံတော်
2)အစိုးရစနစ်
3)မူဝါဒများ
4)အုပ်ချုပ်ရေးစနစ်
5)တရားစီရင်ရေးစနစ်
6)ဥပဒေပြုရေး
7)လူမျိုးရေးပြဿနာများ
8)ဘာသာရေးဆိုင်ရာပြဿနာများ
9)လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10)မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11)လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12)တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13)တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14)အလုပ်သမားဆိုင်ရာပြဿနာများ


စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေများအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ်ဖေါ်ထုတ်ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် ဘီစီ-၅၀၀ခန့်မှ စတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။

လိုအပ်ပါကထပ်မံဖြည့်စွတ်ပေးရန်

ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ
ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism, Europe)
ကိုလိုနီဝါဒ (Colonism, Europe)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)

Basic Political Science Part (1)

အခြေခံနိုင်ငံရေးသိပ္ပံ
အပိုင်း (၁)

How to Interpret a Political Science?
Item Who, What, When
Researcher Mg Si Thu
Date September 1st, 2007
Event Discussion – "Strong Leadership for Burma's Future"

အကြောင်းအရာ
လူသားအရင်းအမြစ်ဖြိုးတိုးတတ်စေရေး

ရည်ညွန်းချက်
လူငယ်မျိုးဆက်သစ်များ

အထူးတင်ပြချက်
အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်

အထူးသတိပြုရမည့်အချက်များ
အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊

Basic Political Science
The International Studies







နိုင်ငံတကာလေ့လာရေး
အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန်ဝတ္တရားနှင့် အခွင့်အရေးများ၊ ၄င်းတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေးမူဝါဒများအပေါ် ကျယ်ပြန့်စွာ လေ့လာသော ပညာရပ်ဖြစ်သည်။

နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည့်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြင့် ၀ါဒရေးရာဆိုင်ရာများ မဟုတ်ပေ။

မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့် နိုင်ငံဖြစ်စေ နိုင်ငံတိုင်း၌ ရှိရမည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော သက်ဆိုင်ရာ နိုင်ငံ့အစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန်ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးသုံးခုအား ဗဟိုပြု၍ အစိုးရအုပ်ချုပ်ရေး ယန္တရားဆိုင်ရာများကို လေ့လာသော အကြောင်းအရာများသာဖြစ်သည်။

ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အားလည်းကောင်း နိုင်ငံအုပ်ချုပ်ရေးစနစ်များ၏ မူလအစောပိုင်းကာလ၊ နိုင်ငံရေးဆိုင်ရာ မူလအစောပိုင်းကာလများမှ ကမ္ဘာကျော်ပညာရှင်များ၏ အတွေးအခေါ် အယူအဆများဖြင့် ပြန်လည်ဆန်းစစ် သုတေသနပြုခြင်းနှင့် အနာဂတ်အလားအလာများအတွက် စဉ်းစားတွေးခေါ်နိုင်ရန် အခြေခံတစ်ခုအဖြစ်သာ ရည်ရွယ်ပါသည်။



မာတိကာ
အခန်းခေါင်းစဉ်

1) Polititic (နိုင်ငံရေး)
2) Political Theories (နိုင်ငံရေး သဘောတရားများ)
3) International Political Systems (နိုင်ငံတကာ နိုင်ငံရေးစနစ်များ)
4) Geography Politic and Comparative Politics (ပထ၀ီနိုင်ငံရေးနှင့် နိုင်ငံတကာ နိုင်ငံရေးစနစ်များ)
5) International Relation (နိုင်ငံတကာဆက်ဆံရေး)
6) International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ)
7) Public Policies (ပြည်သူ့မူဝါဒ)
8) Defense and Security Policies (ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒများ)



အခန်း (၁)
နိုင်ငံရေး (Political )


နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။

နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေကြီး အတွင်း၌သော်လည်းကောင်း နေ့တဓူဝတွေ့ကြုံ ဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ်၏။

ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသော ကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြရမှာ ဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။

လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှားသွားရတာချည်းပင် ဖြစ်ပါ၏။ သက်သက်သာသာ ရုန်းကန်ရခြင်းနှင့် ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌သာ ကွာခြားသော်ငြားလည်း အားလုံးသော လူသားတွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလ တလျှောက်လုံး၌ ဘ၀ကိုအမျိုးမျိုးသော အခက်အခဲများအကြား ရုန်းကန်ဖြတ်သန်းကြရမည်သာ ဖြစ်ပါ၏။

ဤသည်ကိုပင် လူတယောက်၏ နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်း ဘ၀ကိုရုန်းကန် ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူးဆက်စပ်မျှက် ဤကမ္ဘာကြီးနှင့် ဤလူသားတွေ တည်ရှိနေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါ၏။

မြန်မာ့လောက၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့် အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အား သည်ထက်ပို၍ သဘောပေါက် နားလည်ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့်ပင် ဖြစ်ပါ၏။

ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်းတွင် စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး စသည်လိုအပ်ချက်များအား နေ့တဓူဝ တွေ့ကြုံဖြည့်စည်းနေရမည်သာ ဖြစ်၏။ ဤသို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံလိုအပ်လာမည် ဖြစ်၏။

ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ ရောက်ရှိသွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ ပတ်ဝန်းကျင်နယ်ပယ်နှင့် ပေါင်းကူး ဆက်စပ်သွားမည် ဖြစ်ပါ၏။

ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက်ရှိုင်းစွာ ကြီးမားလာမည်သာ ဖြစ်၏။ ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံး ကျသွားသည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက်ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။

တနည်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စုသန်းပေါင်းများစွာတို့၏ စားဝတ်နေမှု ကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှ အများစုအထိ ဆက်စပ်ဖြေရှင်းရသော ဖြစ်စဉ်သာဖြစ်၏၊ တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မီ၍ အကျိုးဆက်ဟူသည် ဖြစ်ပေါ်စေမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် နိုင်ငံရေးဟူသော စကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသော စကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၇၀) ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသော ဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ်ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သော အစဉ်အလာတရပ် ပေါ်ထွန်းလာခဲ့ခြင်းသာ ဖြစ်ပါ၏။

နိုင်ငံရေးဟူသည် မိမိတို့၏ အရေးကိစ္စသာ ဖြစ်၏၊ နိုင်ငံရေးအား စဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့် တိုက်ရိုက် ချဉ်းကပ်စဉ်းစားရန် လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသားတယောက်၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည် မဟုတ်ပါ။

"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာလောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အား ပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ်တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်ကြီး ဖြစ်ပေါ်နေမည်ဖြစ်ပါ၏။

ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းဟူသော ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ်ပေါ်နေသော ဆင်းရဲခြင်းအမှန်တရား) ပင်ဖြစ်ပါ၏။

http://www.hrdpb.org/

Read More...